ဗုဒ္ဓံ ............................................................................................... ဓမ္မံ ............................................................................................... သံဃံ

အရပ်ဆယ်မျက်နှာမှာ ရှိကြကုန်သော အနန္တ သတ္တဝါတွေ ဘေးရန်ခက်သိမ်း ကင်းဝေးကြပါစေ။
" မြတ်စွာဘုရား၏ တရားတော်တို့ကို နာကြားခွင့်ရသူတို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ " (မိထွေးတော်ဂေါတမီ)

Monday, July 11, 2016

လောကနီတိကျမ်း၏ ဂုဏ်နှင့်သင်ရကျိုး

လေ့လာသင်ကြားသူအဖို့ လောကနီတိကျမ်းသည်------
၁။ သာရော = အနှစ်သာရမည်၏။
၂။ မာတာပိတု = မိဘအဖွယ်ဖြစ်၏။
၃။ အာစရိယော = ဆရာသမားနှင့်တူ၏။
၄။ မိတ္တော = မိတ်ဆွေနှင့်တူ၏။ ဟူသော ကျမ်း၏ ဂုဏ်လေးမျိုးကို မှတ်သားအပ်၏။ ထို့ကြောင့် လောကနီတိကျမ်းကို တတ်မြောက်အောင် အထူးလေ့လာ ဆည်းပူးသင့်ကြသည်။ ထို့ကြောင့် လေ့လာမှတ်သားပါလို့ တိုက်တွန်းချင်ပါသည်။

လောကနီတိကျမ်းကို လေ့လာသင်ကြားသူသည် -----------
၁။ ဉာဏီ = ဉာဏ်ကြီးရှင် ဖြစ်နိုင်ခြင်း
၂။ မဟာ = ကြီးကျယ်မြင့်မြတ်သူ ဖြစ်နိုင်ခြင်း
၃။ ဗဟုဿုတော = အကြားအမြင် များနိုင်ခြင်း ဟူသော အကျိုးသုံးပါးကို ရရှိနိုင်ပါသည်။

အရှင်ဣန္ဒာစရိယဇောတိ

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

မေတ္တာအကျိုး(၁၁)ပါး

၁။ ကောင်းစွာ အိပ်ရခြင်း၊
၂။ ကောင်းစွာ နိုးရခြင်း၊
၃။ ကောင်းသောအိပ်မက်ကို မြင်မက်ရခြင်း၊
၄။ လူအများ ချစ်ခင်မြတ်နိုးခြင်း၊
၅။ နတ်တို့ ကောင်းစွာ စောင့်ရှောက်ခြင်း၊
၆။ နတ်တို့ ချစ်မြတ်နိုးခြင်း၊
၇။ မီး၊ လက်နက်၊ အဆိပ်စသည်တို့ဖြင့် မနှိပ်စက်နိုင်ခြင်း၊
၈။ စိတ်တည်ကြည်ခြင်း၊
၉။ မျက်နှာအဆင်း တင့်တယ်ခြင်း၊
၁၀။ မတွေဝေခြင်း၊
၁၁။ ဗြဟ္မာပြည်သို့ လားရခြင်း။

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ဘုရားကိုယ်တော်မြတ်ကြီး၏ ပမာဏ လေးပါး

(၁) သတ္တဝါများသည် မြတ်စွာဘုရား၏ ရူပအဆင်းကို မြင်ရုံနှင့် သုံးပုံနှစ်ပုံသော သတ္တဝါများက ကြည်ညိုကြတယ်။
(၂) သတ္တဝါများသည် မြတ်စွာဘုရား၏ အသံတော်ကို ကြားရုံနှင့် ငါးပုံလေးပုံသော သတ္တဝါများက ကြည်ညိုကြတယ်။
(၃) သတ္တဝါများသည် မြတ်စွာဘုရား၏ တရားတော်များကို နာကြားရုံနှင့် ဆယ်ပုံကိုးပုံသော သတ္တဝါများက ကြည်ညိုကြတယ်။
(၄) သတ္တဝါများသည် မြတ်စွာဘုရား၏ တရားတော်ကို လိုက်နာဖို့ကြတော့ တစ်ရာမှာတစ်ယောက်ရနိုင်ခဲတယ်။

သူငါ မသိနိုင်

၁။ သက်တမ်းရှည်ရာ၊ ကြိုတင်ကာ၊ သူငါ မသိနိုင်။
၂။ သေမည့်ရောဂါ၊ ကြိုတင်ကာ၊ သူငါ မသိနိုင်။
၃။ သေမည့်ချိန်ခါ၊ ကြိုတင်ကာ၊ သူငါ မသိနိုင်။
၄။ သင်္ချိုင်းနေရာ၊ ကြိုတင်ကာ၊ သူငါ မသိနိုင်။
၅။ ဂတိလားရာ၊ ကြိုတင်ကာ၊ သူငါ မသိနိုင်။

( ဗုဒ္ဓဃောသ )

စလေဦးပုံည၏ယုန်မင်းဝတ္ထု ကဗျာ

ယခုခါမူ လူလည်းဖြစ်လာ၊
သာသနာလည်းထွန်းခိုက်၊ 
အမြိုက်တရား ပြောကြားမည့်သူ လူလည်းမရှား၊
သို့ပါလျက်သားနဲ့မူ...
တရားမလိုက် အမှားကိုကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊ 
အဖျင်းတကာ့ဗိုလ်ချုပ်၊ 
အပါယ်လေးလီ မြစ်နဒီတွင် ပလုံစီမြုပ်လို့၊ 
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ... ဟု 
စလေဦးပုံည က `` ယုန်မင်းဝတ္ထု ´´ တွင် ဆိုခဲ့ပေသည်။


❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

အရိမေတ္တေယျဘုရားဖူးခွင့်ရမည့်သူများ

➳ သာသနာတော်၌ ကောင်းစွာရဟန်းပြု၍ ဘုရား၏အဆုံးအမတော်ကို ခံပေသောသူ၊
➳ သားကို ကောင်းစွာ ရဟန်းပြုပေးသောသူ၊
➳ သား၊ မြေး၊ မြစ်တို့ကိုလည်းကောင်း၊ သူတပါးတို့ကိုလည်းကောင်း ရဟန်းပြုသောသူ၊
➳ မိခင် ဖခင်တို့ကို ရိုသေစွာ လုပ်ကျွေးသောသူ၊
➳ ပဉ္စသီဆောက်တည်သောသူ၊
➳ သရဏဂုံမပြတ်ဆောက်တည်သောသူ၊
➳ ကမ္မဋ္ဌာန်းဘာဝနာကို မပြတ်ဆောက်တည်သောသူ၊
➳ သာသနာ တည်စိမ့်သောငှါ စည်းခုံ၊ ပုထိုး၊ စေတီ၊ ဥမင်၊ လိုဏ်ခေါင်း၊ ဇရပ်ပြုပြင်သောသူ၊
➳ ဗောဓိညောင်တော်ကို စိုက်ပျိုးသောသူ၊
➳ စတုဒိသာကျောင်း၊ ဇရပ်ဆောက်သောသူ၊
➳ ရေတွင်း၊ ရေကန်၊ ရေအိမ်၊ တံတားပြုသောသူ၊
➳ ပိဏ္ဍပါတ်ဆွမ်းလောင်းသူ၊
➳ ထီး၊ တံခွန်၊ ဆီမီး၊ ကြာပန်းလှူသောသူ၊
➳ ရဟန်းတို့အား ပစ္စည်းလေးပါးလှူသောသူ၊
➳ ညောင်ရေသွန်းလောင်းသောသူ။


( မူလမဟာဗုဒ္ဓဝင် မှ ကောက်နုတ်ချက်)

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

အာသီဝိသောပမသုတ်

ဝိပဿနာ ဘာဝနာ ဆိုတာက အထူးပြောစရာ မလိုဘူး။
သူက နိဗ္ဗာန် မဂ်ဖိုလ် ကိုသာ ရည်စူး ပြီး အားထုတ် ရတာပဲ။
လူချမ်းသာ၊ နတ် ချမ်းသာ၊ ဗြဟ္မာ ချမ်းသာ ရဖို့ အားထုတ်တာ မဟုတ်ဘူး။
ဝိပဿနာ ရှုတာ ဟာ နိဗ္ဗာန်မဂ်ဖိုလ် ရဖို့ပဲ။
နိဗ္ဗာန် မဂ်ဖိုလ် တောင်မှ၊ နောင်အခါ ကာလမှ ရဖို့ မဟုတ်ဘူး။
လက်ငင်း ရဖို့ ရာ အားထုတ် ရတာ။
ဝိပဿနာ အားထုတ်လို့ ဝိပဿနာ ဉာဏ် ပြည့်စုံ လို့ ရှိရင်
ယခု လက်ငင်း တစ်ထိုင် အတွင်းလဲပဲ ရနိုင်တယ်။
၇ ရက် အတွင်း လဲပဲ ရနိုင်တယ်။
၁၅ ရက် အတွင်းလဲ ရနိုင်တယ်။
တစ်လ အတွင်းလဲ ရနိုင်တယ်။


(အာသီဝိသောပမသုတ်၊ မဟာစည်)

သစ္စာပါရမီ (စင်္ကာပူ) ဓမ္မဆုံးမစာများမှ
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀