ဗုဒ္ဓံ ............................................................................................... ဓမ္မံ ............................................................................................... သံဃံ

အရပ်ဆယ်မျက်နှာမှာ ရှိကြကုန်သော အနန္တ သတ္တဝါတွေ ဘေးရန်ခက်သိမ်း ကင်းဝေးကြပါစေ။
" မြတ်စွာဘုရား၏ တရားတော်တို့ကို နာကြားခွင့်ရသူတို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ " (မိထွေးတော်ဂေါတမီ)

Monday, July 11, 2016

ဘေးကြီးလေးပါး


     ဘေး - ပါဠိဘာသာ “ဘယ”ပုဒ်မှ ဆင်းသက်သော ပါဠိသက်စကားဖြစ်၏။ အဓိပ္ပါယ်မှာ ကြောက်စရာဟူ၍ဖြစ်သည်။ ထို့ကြောင့် ဘေးလေးပါးဟူသည် ကြောက်စရာလေးပါးဟု မှတ်သားကြရမည်။

     ပုထုဇဉ်မှန်မှန်သမျှ ဘေးကြီးလေးပါး အမြဲတစေ ဝန်းရံလျက်ရှိပါသည်။ သို့ရာတွင် ပုထုဇဉ်မှန်က (သူရောကိုယ်ပါ) မိမိတို့၌ ဘေးကြီးတွေ ဝန်းရံလျက်ရှိသည်ကို အလျှင်းမသိကြ၊ ဘေးကြီးလေးပါးရှိသည်ဟူ၍ပင် မထင်မှတ်ကြကုန်၊ ပညာရှိသူတော်ကောင်းတို့က ဟောဖေါ်ပြသ ဆုံးမတော်မူမှသာ သိနားလည်းခွင့် ရနိုင်ကြ၏။
     ကြောက်မက်ဖွယ်ကောင်းသော ဘေးကြီးတွေ အစဉ်ဝန်းရံနေသည်ကို မသိကြသည့်အတွက်ကြောင့်လည်း ပုထုဇဉ်တို့သဘောအရ မိမိတို့လက်ရှိရထားသော ဘဝကို အခွင့်အရေးတစ်ရပ်အနေအားဖြင့် စိတ်လွတ်ကိုယ်လွတ် ပျော်ကြပါးကြ၏။ မော်ကြ ကြွားကြ၏။ တစ်ဦးကို တစ်ဦး တုကြပကြ၏။ ပြိုင်ကြဆိုင်ကြ၏။ အရာခပ်သိမ်း စိတ်ချလက်ချ ကြောင့်ကျမဲ့စွာ နေလေ့ရှိကြ၏။
အကယ်၍ မိမိတို့၌ အလွန်ကြောက်ဖွယ်ရာ ဘေးကြီးတွေ ဝန်းရံကာဆီးလျက်ရှိကြောင်း သိပါက ပျော်မှုပါးမှုစသည်တို့ကိုလည်း ပြုဝန့်ကြမည်မဟုတ်၊ ကြောက်မက်ဖွယ်ဘေးကြီး တို့မှ ဆောလျင်စွာ လွတ်မြောက်လိုမည်သာ ဖြစ်၏။
ဘေးကြီးလေးပါးအမည် -
၁။ ဝိနိပါတဘေး၊
၂။ နာနာသတ္တ ဥလ္လောကနဘေး၊
၃။ ဒုစ္စရိတဘေး၊
၄။ အပါယဘေး။

အဓိပ္ပါယ် -
၁။ ဝိနိပါတဘေး - လားရာဂတိမမြဲသောဘေး၊ ပရမ်းပတာကျရောက်စေတတ်သောဘေး။
၂။ နာနာသတ္တ ဥလ္လောကနဘေး - ဖြစ်ရာရောက်ရာ ဘဝတို့၌ ဘုရားမှားသောဘေး။
၃။ ဒုစ္စရိတဘေး - မကောင်းမှုဒုစရိုက်တရားကို ပြုကျင့်သောဘေး။
၄။ အပါယဘေး - ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟု ဆိုအပ်သော အပါယ်လေးပါးကျရောက်သော အပါယ်ဘေး။
      ဝိနိပါတဘေး
   ပုထုဇဉ်မှန်က ဝိနိပါတဘေးမှ မလွတ်ကြ။ ပုထုဇဉ် သတ္တဝါတို့ သေကြသော် လားရာဂတိ မမြဲကြဟု ဘုရားရှင်ဟောကြားတော်မူပါသည်။ တစ်နည်းအားဖြင့် လားရားဂတိ မမြဲသည်ကိုပင် ဝိနိပါတဘေးဟု ဟောကြားတော်မူခြင်း ဖြစ်ပါသည်။
ဂတိငါးပါး -
၁။ ဒေ၀ဂတိ၊
၂။ ပေတဂတိ၊
၃။ မနုဿဂတိ၊
၄။ တိရစ္ဆာနဂတိ၊
၅။ နိရယဂတိ။ ဤငါးပါးသည် ဂတိငါးပါးဖြစ်ပါသည်။

ပုထုဇဉ်သတ္တဝါတို့ သေကြသော် -
၁။ ဒေဝဂတိ = နတ်သော်လည်းဖြစ်တတ်၏။
၂။ ပေတဂတိ = ပြိတ္တာသော်လည်းဖြစ်တတ်၏။
၃။ မနုဿဂတိ = လူသော်လည်းဖြစ်တတ်၏။
၄။ တိရစ္ဆာနဂတိ = တိရစ္ဆာန်သော်လည်းဖြစ်တတ်၏။
၅။ နိရယဂတိ = ငရဲ၌သော်လည်းဖြစ်တတ်၏။
     ဂတိငါးပါးတွင် ဒေဝဂတိနှင့် မနုဿဂတိသည် သုဂတိ(ကောင်းသောဂတိ) ဖြစ်၏။
   ကလလံဟောတိ၊ ဇာတိငြိခဲ့ပြီးကုန်သူ သတ္တဝါတို့သည် သေမင်းအလား တရတည်ဖြစ်သော သေခြင်းတရားကား ကွေကွင်း ရှောင်ရှား၍ မရတော့၊ မုချတွေ့ရတော့မည်ဖြစ်၏။ တစ်ဘဝတစ်သက်လျာ၊ တစ်ခါသေကြရသည်ကား ထူးမဆန်းသည့် ဓမ္မတာလမ်းရိုးဖြစ်၏။ သို့ရာတွင် သေသည်၏ အခြားမဲ့၌ သုဂတိ၊ ဒုဂ္ဂတိ လမ်းနှစ်သွယ်ဝယ် သုဂတိလမ်းသို့ သာ မြန်းရမည်ဟု ဧကန်ဧက တထစ်ချ အတပ်မပြောနိုင်၊ ဤသည်မှာ ထူး၍ ဆန်းနေ၏။
     တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မုချ သေရမည့်သူ ဟူဟူသမျှ သေလွန်သည့်နောက် သုဂတိသို့သာ ရောက်လို ဖြစ်လိုကြ၏။ ဒုဂ္ဂတိသို့ကား မည်သူတစ်ယောက်မျှ မရောက်လို မဖြစ် လိုကြပေ။ သို့ရာတွင် ပုထုဇဉ်ဘဝနှင့် သေခဲ့သော် သေသူ၏ ဆန္ဒနှင့် အညီဖြစ်ကောင်းသည်မရှိ၊ ဓမ္မတာသဘော အလျောက် ရောက်ရ ကျရ ဖြစ်ရမည်သာတည်း၊ ဤသည်ကိုပင် ဖရိုဖရဲ ပရမ်းပတာ ကျချင်ရာ ကျတတ်သော ဝိနိပါတဘေးဟု ဆိုရ၏။
(ဥပမာ) အညှာမှ ပြုတ်ကြွေ၍ မြေသို့သက်သော ရွက်ရော် ရွက်ခြောက်တို့သည် အစီအစဉ်မရှိ ပြန့်ကျဲ ကျရောက်သကဲ့သို့တည်း။
   ဤအတူသာလျှင် ပုထုဇဉ်အဖြစ်မှ မလွန်မြောက်နိုင်ကြပဲ သေသူမှန်က၊ မိမိတို့ ဆန္ဒအရ ဖြစ်ရောက်ရသည်မရှိ၊ ဓမ္မတာသဘော အလျောက် ဂတိငါပါးအနက် တစ်ပါးပါးသို့သာ ကျရောက်တတ်ပါသည်။ ထို့ကြောင့် ပုထုဇဉ်မှန်က ဝိနိပါတဘေးမှ မလွတ်နိုင်ကြဟု ဆိုရခြင်းဖြစ်ပါသည်။
     ကံနှင့် ကံ၏အကျိုးကို ယုံကြည်သည့် ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်ရကြကုန်သော ပုထုဇဉ်တို့သည် ဒုဂ္ဂတိဘဝသို့ လားရောက်ရမည်ကို အထူးကြောက်ရွံ့ကုန်၏။ သုဂတိဘဝသို့သာ လားရောက်လိုကြ၏။ ထို့ကြောင့် သုဂတိဘဝသို့ လားရောက်စေကြောင်း ကောင်းမှုကုသိုလ် ထိုထို တို့ကို စွမ်းနိုင်သမျှ ကြိုးစားမယုတ် အားထုတ်ဆည်းပူးကြကုန်၏။ ကုသိုလ်တရားအနေအားဖြင့် ပြုစရာကား သုံးပါးသာရှိ၏။ ထိုသုံးပါးကား ဒါန၊ သီလ၊ သမထ ဤသုံးပါးတို့တည်း။
     ဒါနကုသိုလ်မှု၌ လူမှန်းသိတတ်စအရွယ်မှ သေသည့်နေ့အထိ ဝန်နှင့်အား၊ မြားနှင့်လေး ဆိုသောစကားကဲ့သို့ တစ်ဇွန်းတစ်ယောက်မမှ အစ တတ်စွမ်းသမျှ စွန့်ကြဲပေးကမ်းလှူဒါန်း ချီမြှင့်မှု ကုသလအစုစုကို ပြုကြကုန်၏။ သီလကုသိုလ်မှု၌လည်း ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး သီလတရားများကို တတ်အားသမျှ ကျင့်သုံးဆောက်တည် စောင့်ထိန်းကြ၏။ သမထကုသိုလ် ဆိုရာတွင် ကမ္မဋ္ဌာန်း(၄၀)မှ မိမိတို့စရိုက်နှင့် ထိုက်သည့်အားလျော်စွာ နှစ်သက်ရာ တစ်ပါးပါးကို ကြိုးစားပွားများ အားထုတ်ကြကုန်၏။
     ယင်းသို့ များမြတ်စွာသော ကုသိုလ်တရားများရှိသည် ပြည့်စုံသည်ဆိုစေကာမူ ပုဂ္ဂိုလ်အနေမှာ ပုထုဇဉ်အဖြစ်မှ မလွန်မြောက်သေးပါးက လက်ရှိခန္ဓာကိုယ် အတ္တဘော၏ ပျက်စီးပြီးသည်မှ နောက်ကာလ၌ သုဂတိသို့သာလျှင် ဧကန်မုချ ရောက်ရမည်ဟု မည်သူမျှ အတပ်မပြောနိုင်ပါ။ သုဂတိသို့လည်း ရောက်နိုင်ကောင်း၏၊ ဒုဂ္ဂတိသို့လည်း ရောက်နိုင်ကောင်း၏။
     ထို့ကြောင့် ကုသိုလ်ကောင်းမှုရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ၊ ပုဂ္ဂိုလ်အနေမှာ ပုထုဇဉ်ဖြစ်ပါက လားရာဂတိမမြဲဟု ဘုရားရှင် မိန့်ကြားတော်မူသည် မဟုတ်ပါလော။
     ကုသိုလ်တရားဟူသည် “အနဝဇ္ဇသုခဝိပါက လက္ခဏာ” အပြစ်မရှိ ကောင်းကျိုးကိုသာ ပေးစေတတ်ပါသည်။ “အဟောသိကံ” ဖြစ်ရိုးမရှိပါ။ အယုတ်သဖြင့် ခဝဲပွင့် ကလေးတစ်ပွင့် လှူဒါန်းသော ကုသိုလ်သည်လည်း နတ်ဘဝ နတ်စည်းစိမ်ကို စံစားရကြောင်း ဒေသနာလမ်းကြောင်းက ထင်ရှားရှိ၏။
သို့တစ်စေလည်း ယခုဘဝမှသေသော် ဒုတိယရောက်ရမည် နောက်ဘဝ၌ သုဂတိသို့သာလျှင် လားရမည်ဟု ဧကန်ဧက မပြောနိုင်ခြင်းသည်ပင် ဝိနိပါတဘေး၏ လိုရင်းအဓိပ္ပါယ် ဖြစ်ပါသည်။ ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ် အမြင်သန်ကြသူတို့သည် အကုသလကမ္မပထ တရားများမှ ရှောင်ရှားလျက် ကောင်းကျိုးချမ်းသာ ပေးတတ်ရာသော ကုသလကမ္မပထ တရားများကို ကြိုးစားအားထုတ်ကြကုန်၏။
     မိမိတို့၌ ကောင်းမှုကုသိုလ် ထိုထိုတို့နှင့် ကုံလုံပြည့်စုံပြီ ဖြစ်သောကြောင့် သေလျှင် အပါယ်လေးပါးသို့ မကျနိုင်၊ သုဂတိသို့သာ ရောက်ရမည်၊ ထို့ကြောင့် သေရမည်ကိုမကြောက်၊ ကြောင့်ကျကင်းစွာ မတွေမဝေ သေဝံ့ပြီဟု စိတ်ချလက်ချနေနိုင် မနေနိုင် မိမိကိုယ်ကို စစ်ဆေးကြည့်သင့်၏။ မိမိမှတစ်ပါး ဇနီးမယား သမီးသားနှင့် ဉာတကာ ဆွေမျိုးနီးစပ်တို့ကလည်း ဤသူသည် မသေမီ ရှေးအဖို့တို့၌လည်း မကောင်းမှုကို မပြု၊ ကောင်းမှု၌သာအမြဲ ယှဉ်လေ့ရှိ၏။ ထို့ကြောင့် ၎င်းသေလျှင် ကောင်းသောဂတိ လားရောက်ရမည်ဟု တထစ်ချ ဆုံးဖြတ်နိုင်ကြပါမည်လား။
     ယင်းသို့ မိမိကိုယ်တိုင်နှင့် တစ်ပါးသူတို့ကပါ တထစ်ချဆုံးဖြတ်ရန်ကိစ္စ အလွန်ခက်လှပါသည်။ နောက်ဆုံးတစ်နေ့ သေရာညောင်စောင်း လျောင်းစက်၍ ဤတောင်မှ မတက်နိုင်တော့ဟု လက်လျော့ရသောအခါ ဘဝကူးကောင်းရန် ရည်သန်လျက် အိမ်သူအိမ်သား မိဘဆွေမျိုးတို့က ဘုရားဆင်းတုတော်ကို ပင့်မြှောက်၍ ပြခြင်း၊ စိပ်ပုတီးကို လက်တွင်းသို့ ထည့်ပေးခြင်း၊ ဘုရားဂုဏ်တော်များကို ရွတ်ဖတ်ခြင်း၊ မသေမီက ပြုခဲ့သမျှသော ကုသိုလ် ကောင်းမှုများစာရင်းကိုရေတွက် ပြောပြခြင်း စသည့်ဖြင့် ဥပတ္ထမ္ဘကကံ အထောက်အပံ့ဖြစ်စေတာ့ဟု ကူညီဆောင်ရွက် ပေးကြကုန်၏။
     ဤသို့အားဖြင့် မသေမီရှေးအဖို့တို့မှလည်း ကုသိုလ်တရားများကြိုးစားပြုလုပ်ခဲ့၏။ မရဏာသန္န တံခါးဝရောက်၍ အသက်ပျောက်ခါနီးသည့် အချိန်ထိလည်း ကုသိုလ်တရားနှင့် စပ်၍ လစ်လပ်မှုမရှိစေရအောင် ပြုစုပျိုးထောင်ဆောင်ရွက်ရ၏။
     သို့ဖြစ်သောကြောင့်သေသူသည် ဝိနိပါတဘေးမှ စိတ်အေးရပြီ၊ သုဂတိဌာန ဧကန္တရောက်မည်ဟု လုံးဝစိတ်မချနိုင်ပြန်ပါ၊ ထို့ကြောင့်လည်း သေပြီးသည့်နောက် သေသူအတွက် ရည်မှန်းလျက် သက်ပျောက်ဆွမ်း၊ ရက်လည်ဆွမ်း၊ လလည်ဆွမ်း စသည့် ဆွမ်းသွတ်ခြင်းအမှု အစုစုအတန်တန်ကို အဖန်ဖန်ပြုကြရပြန်၏။
ဆွမ်းသွတ်ခြင်းကို “မတကဘတ်” ဟု ခေါ်ပါသည်။ မတက= သေသူ၊ ဘတ် ဟူသည် ဘတ္တ သဒ္ဒါ ဆွမ်းဟောကိုရ၏။ ထို့ကြောင့် မတကဘတ္တသည် သေသူအား ရည်မှန်းလျက် လှူဒါန်းသော ဆွမ်းဖြစ်ပါသည်။
ထို၏ ရည်ရွယ်ချက်မှာ သေသူသည် လားရာဂတိ ငါးပါးအနက် အပါယ်လေးပါး တစ်ပါးပါး၌ အကယ်၍ ဖြစ်ခဲ့ရောက်ခဲ့သော် ၎င်းအတွက် ရည်မှန်းပြုအပ်သော ဆွမ်းကုသိုလ်၏ အဖို့ကို အမျှအတန်းပေးဝေ၍ သာဓု နုမော်ခေါ်ဆိုနိုင်သော ဘဝဖြစ်ပါက ထိုသာဓုနုမော် ခေါ်ဆိုနိုင်သည့်ခဏ၌ပင် မကောင်းသဖြင့်လားရောက်နေသော ဘဝဆိုးမှ ကျွတ်လွတ်၍ ကောင်းသောဘဝကိုရောက်ရ၏။ ထိုရည်ရွယ်ချက်ဖြင့် လူတို့သေလျှင် ဆွမ်းသွတ်ခြင်းအမှုကို ပြုကြခြင်း ဖြစ်ပါသည်။
     ဆွမ်းသွတ်ခြင်း ကိစ္စကား ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ဆောင်ရွက်နေကျ ကိစ္စတစ်ရပ်ဖြစ်သောကြောင့် သေသူမှန်သမျှ ဆွမ်းသွတ် လွတ်သူ မရှိသလောက်ရှား၏။ လောကဝေါဟာရ သမုတ်ကြသည့် ပညာရှိ ပညာမဲ့၊ သူတော်ကောင်း သူယုတ်မာ၊ လူချမ်းသာ လူဆင်းရဲ၊ ဂုဏ်ရှိ ဂုဏ်မဲ့ စသည်ဖြင့် သေသူတိုင်း အတွက် ဆွမ်းသွတ်(သပိတ်သွတ်) ကြရ၏။
     စင်စစ် သပိတ်သွတ်ခြင်း ကိစ္စကား လားရာဂတိမြဲရန် စိတ်ချရသော အလုပ်မဟုတ်ပါ၊ မသေချာ မရေရာသော ဇဝေဇဝါ အလုပ်သာဖြစ်ပါသည်။ “ကာလင်္ကတာနံ ပေလင်္ကတာနံ” ..... အတည်မကျဘဝတစ်ပါးသို့ ပြောင်းသွားသော မည်သူအား ရည်မှန်း၍ဟူသည့် ဆွမ်းသွတ် ရေစက်ချက သက်သေခံနေပါသည်။ အတည်ကျကျ ဘဝတစ်ပါးသို့ ပြောင်းသွားသော ဟူသည့်ရေစက်ချကိုကား ယနေ့အထိ ကြားဘူးသူ ရှိမည်မထင်ပါ။ နောက်နောင်လည်း ကြားရမည်မဟုတ်ပါ။
     ထို့ကြောင့် ကောင်းသောဂတိမြဲရေးအတွက် ဆွမ်းသွတ်ခြင်း၊ အမှုတစ်ခုဖြင့် အားကိုးအားထား မပြုသင့်ပါ။ ထိုမှတစ်ပါးလည်း သေသူတိုင်းအတွက် ဆွမ်းသွတ်နေသည်ကပင်လျှင် ပုထုဇဉ်နယ် အကျယ်အဝန်း အတိုင်းအရှည် ပမာဏ တိုင်းတာပြ သကဲ့သို့ ဖြစ်နေပါသည်။
     ပုထုဇဉ်ဟူကလည်း မိမိတို့လုပ်သမျှ အဟုတ်ထင်တတ်သော သဘောရှိ၏။ မိမိတို့ ကိုယ်ကို အလွန်လည်း အထင်ကြီးတတ်၏။ အထင်ကြီးသလောက် ခရီးမရောက်ပါ။ ရုပ်နာမ် ဓမ္မ ပရမတ္တတို့၌ မလိမ္မာရကား ဒါနစသော ပြုသမျှကောင်းမှုတို့၌ သက္ကာယဒိဋ္ဌိ ရင်ခွင်ပိုက်လျက် ဘဝဘက်သို့ ညွှတ်သောစိတ်ဖြင့် ၀ဋ္ဋပါဒကုသိုလ် မျိုးများကို ကြိုးစားအားထုတ်ပြုလုပ်ကြကုန်၏။ ထို့ပြင် အမှုကိစ္စအဝဝ၌ အကောင်းအဆိုး မရွေးချယ် မစီစစ်တတ်၊ သင့် မသင့်၊ တော် မတော် မချိန်ဆ၊ အကျိုးစီးပွား များ မများ၊ မစဉ်းစား၊ မိမိတို့ ထင်မြင်စွဲလမ်းရာကိုသာ ပြုလုပ်တတ်သည်၏ အဖြစ်ကြောင့် စင်စစ်သူရူးနှင့်တူ၏ဟု ဘုရားရှင် မိန့်မြွက်တော်မူပါသည်။ ထို့ကြောင့် ...
ဥမ္မတ္ထက သဒိသောဝိယ ပုထုဇ္ဇနာ ဣဒံယုတ္တံ၊
ဣဒံ အယုတ္တန္တိ အဝိစာရေတွာ ယဿကဿစိ၊
ဥပါဒါနဿ ၀သေန ယံကိ ဉ္စိဘဝံပတ္တေတွာ၊
ယံ ကိ ဉ္စိကမ္မံ ကရောတိယေဝ။ .... ဟု ဟောတော်မူ၏။
     ပုထုဇ္ဇနာ ပညာမျက်စိမရှိကြကုန်သူ ပုထုဇဉ်တို့သည်။ ဥမ္မတ္ထက သဒိသောဝိယ သူရူးနှင့် တူကြကုန်၏။ သော ထိုပုထုဇဉ်တို့သည် ဣဒံ ဤအရာကား။ ယုတ္တံ၊ သင့်၏။ ဣဒံ ဤအရာကား။ အယုတ္တံ၊ မသင့်။ ဣတိ ဤသို့။ အဝိစာရေတွာ၊ မရွေးချယ်မူ၍။ ယဿကဿစိ၊ အကြင် အမှတ်မထား တစ်ပါးပါးသော။ ဥပါဒနဿ ၀သေန၊ ဥပါဒန်၏ အစွမ်းအားဖြင့်။ ယံကိ ဉ္စိ၊ အကြင်မှတ်မထားသော တစ်ပါးပါးသော။ ဘဝံ၊ ဘဝကို။ ပဋ္ဌေတွာ၊ တောင့်တလျက်။ ယံကိ ဉ္စိ၊ အကြင်အမှတ်မထား၊ တစ်ပါးပါးသော။ ကမ္မံ၊ ကုသိုလ်ကံကို။ ကရောတိယေဝ၊ သက္ကာယဒိဋ္ဌိ ရင်ခွင်ပိုက်လျက် နှစ်နှစ်ခြိုက်ခြိုက် ပြုလိုက်ကြတော့သည်လျှင်တည်း။
     မဇ္ဈိမတိုင်း မောရိယနိုင်ငံတော်ကြီးကို တည်ထောင်ဖန်ဆင်းသော သီရိဓမ္မာသောက မင်းကြီးသည် ဘုန်းအာဏာ လွန်စွာကြီး၏။ ကောင်းကင် တစ်ယူဇနာ မြေတွင်းတစ်ယူဇနာ အာဏာတန်ခိုး လွှမ်းမိုး ပျံ့နှံ့၏။ ထိုမင်းကြီးလက်ထက်တွင် ရဟန္တာ အရှင်မြတ်များ သီလဝန္တရဟန်းတော်များ ထင်ရှားရှိသော ခေတ်ဖြစ်၏။ မင်းကြီးသည် ထိုအရှင်မြတ်တို့ကို ကိုးကွယ်ဆည်းကပ်လုပ်ကျွေးခွင့်ရ၏။
    သီရိဓမ္မာသောကမင်းကြီးသည် ဒါနအမှု၌ လွန်စွာရက်ရော၏။ (၈၄၀၀၀)အတိုင်းအရှည်ရှိသော ရေတွင်းရေကန် စေတီပုထိုး ဓမ္မက္ခန္ဓာပေစာ အပေါင်းတို့ကို ကြီးကျယ်ခန်းနားစွာ အသဒိသ ဒါနကောင်းမှုကို ပြုခဲ့၏။ ကိုးတိုင်းကိုးဋ္ဌာနသို့ သာသနာပြု ရဟန်းတော်များ ပို့ရောက်တော်မူခဲ့၏။ သို့ဖြစ်သည်ကြောင့် ဒါနခန်းတွင် သီရိဓမ္မာသောကမင်းကြီးကို လွှမ်းမိုးနိုင်သူ လွန်စွာရှားပေမည်။ သို့ရာတွင် မင်းကြီးသည် ပုဂ္ဂိုလ်အနေမှာ ပုထုဇဉ်အဖြစ်မှ မလွန်မြောက်သေးကား သေသည်၏ အခြားမဲ့၌ စပါးကြီးမြွေ တိရစ္ဆာန်ဘဝသို့ အခိုက်အတန့် ကျရောက်ရရှာပါသည်။ ထို့ကြောင့် ဒါနကုသိုလ်သည် ဝိနိပါတဘေးမှ မလွတ်သေးကြောင်း ထင်ရှားပါသည်။ သီရိဓမ္မာသောကမင်း ကဲ့သို့သော ဒါန ကုသိုလ်ရှင်ကြီးစဉ်လျက် ဝိနိပါတဘေးမှ မလွတ်နိုင်သေးလျှင် ဘယ လာဘ ကုလစာရ အနေမျိုးဖြင့် ကြိုးစားကြသော တော်စွ လျော်စွ ကုသိုလ်တို့မှာကား အထူးဆိုဖွယ်မရှိတော့ပါ။

     သီဟိုဠ်ကျွန်း၌ သာသနာထွန်းကားစဉ်က တိဿအမည်ရသော ရဟန်းတော်ကြီးသည် လူတို့စောင့်စည်းအပ်သော ဂဟဋ္ဌသီလ သာမဏေတို့ စောင့်စည်းအပ်သော ဆယ်ပါးသီလတို့ထက် မြင့်မြတ်သော စတုပါရိသုဒ္ဓိခေါ် ရဟန်းတော်တို့ စောင့်စည်းအပ်သော ရဟန်းသီလတော်မြတ်ကို နှစ်ပေါင်းနှစ်သောင်းတိုင်ေအာင် ကျိုးပေါက် ပြောက်ကျားမှု မရှိစေပဲ စောင့်စည်း ထိန်းသိမ်းတော်မူခဲ့၏။ တွေ့မြင်ရသူတို့ သန္တာန်၌ ရဟန္တာ အသွင်မှတ်ထင်ကြကုန်၏။

     စတုပါရိသုဒ္ဓိသီလ
၁။ ပါတိမောက္ခ သံဝရသီလ = ဒုစရိုက်တရားများ မဖြစ်ပွားရအောင် ကိုယ်, နှုတ်, နှလုံး, သုံးပါးလုံးတို့ကို စောင့်စည်းခြင်းဖြင့် အပါယ်ဘေးနှင့် ဝဋ်ဒုက္ခဘေးတို့မှ လွတ်မြောက်စေတတ်သော ကြောင့် ပါတိမောက္ခ သံဝရသီလခေါ်၏။ ဘိက္ခု ဘိက္ခုနီ ပါတိမောက်၌ လာသော သီလတော်ပါတည်း။
၂။ ဣန္ဒြိယ သံဝရသီလ = အကုသိုလ်တရားများ မဖြစ်ပွားရအောင် စက္ခုန္ဒြေစသော ဣန္ဒြေ(၆)ပါးကို စောင့်စည်းသော သီလတည်း။
၃။ အာဇီဝ ပါရိသုဒ္ဓိသီလ = အာဇီဝဟေတု ငဲ့သောအားဖြင့် အသက်မွေးခြင်းလျှင် အကြောင်းအရင်းရှိသော ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် အသက်မွေးခြင်း မိစ္ဆာဇီဝမှ ရှောင်ကြဉ်လျက် တရားသဖြင့် စင်စင်ကြယ်ကြယ် အသက်မွေးခြင်းတည်း။
၄။ ပစ္စယ သန္နိဿိတသီလ = ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး, လေးပါးသော ပစ္စည်းများကို သုံးစွဲရာ၌ ပစ္စဝေက္ခဏာတင်၍ သုံးစွဲခြင်းတည်း။
ဤကဲ့သို့ မြင့်မြတ်သော ရဟန်းတို့စောင့်စည်းအပ်သော သီလတော်မြတ်ကို နှစ်ပေါင်း (နှစ်သောင်းတိုင်တိုင်) မကျိုးမပေါက် မပြောက်မကျားအောင် စောင့်ထိန်းခဲ့ပါသော်လည်း တိဿကိုယ်တော်ကြီးမှာ ပုထုဇဉ်ဘဝဖြင့် ခန္ဓာကြွေခဲ့ရကား ဧရကပတ္တခေါ် မြွေနဂါး တိရစ္ဆာန်ဖြစ်ရရှာသောကြောင့် ဝိနိပါတဘေးမှ မကျော်နိုင်ခဲ့ပေ။

     လောကီ ကုသိုလ်တို့တွင် ဒါနကုသိုလ်ထက် သီလကုသိုလ်သည် မြတ်၏။ ဒါနကုသိုလ်, သီလကုသိုလ် တို့ထက် မဟဂ္ဂုတ်ကုသိုလ်ဟုဆိုအပ်သော စျာန်သမထပွားများသော ကုသိုလ်သည် သာလွန်မြင့်မြတ်၏။ ထိုစျာန်သမထ ကုသိုလ်သည်လည်း ဝိနိပါတဘေးမှ မကျော်နိုင် မလွန်မြောက်နိုင်သေးပါ။ ဥဒက အာဠာရ ဒေဝီလ စသည့် ရသေ့တို့သည် စျာန်သမထ ကုသိုလ်၏ အစွမ်းအားဖြင့် မြေလျှိုးမိုးပျံ တန်ခိုးအဘိညာဉ်တို့နှင့် ပြည့်စုံကြ၏။ ရှေ့ကမ္ဘာ(၄၀)၊ နောက် ကမ္ဘာ(၄၀)အထိ မျှော်ခေါ် မြင်စွမ်းနိုင်ကြ၏။ သို့ရာတွင် ထိုဥဒက စသော ရသေ့တို့သည် ပုထုဇဉ်ဘဝဖြင့်သာ သေကြရသည်ကြောင့် အာကိ ဉ္စညာယတနဟု ဆိုအပ်သော အရူပဗြဟ္မာဘုံသို့ ရောက်ကြကုန်၏။ နာမ်ခန္ဓာချည်း သန့်သန့်ဖြစ်သောကြောင့် သူတော်ကောင်းတရား နာကြားနိုင်စွမ်း မရှိပေ။ ထို့ကြောင့် အရူပဗြဟ္မဘုံသည် ရပ်ပြစ်ရှစ်ပါးအပါအဝင် ဖြစ်ပါသည်။

     ရပ်ပြစ်(၈)ပါး
၁။ အရူပဗြဟ္မာဘုံ (စတုဝေါကာရဘုံ၊ နာမ်ခန္ဓာလေးပါးရှိသောဘုံ) = ၁ပါး
၂။ အသညဿတ်ဘုံ (ဧကောကာရဘုံ၊ ရုပ်ခန္ဓာတစ်ပါးသာရှိသောဘုံ) = ၁ပါး
၃။ ဒုဂ္ဂတိအပါယ်ဘုံ (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံ) =၄ပါး
၄။ ဘုရားစသော ရတနာသုံးပါးဆိတ်သုဉ်းရာ ပစ္စန္တရစ်အရပ် = ၁ပါး
၅။ သုဂတိအဟိတ်ပုဂ္ဂိုလ် (ဇစ္စန္တ၊ ဇစ္စဗဓိရ၊ ဇစ္စမူဂ) = ၁ပါး , ပေါင်း = ၈ပါး။

ဆောင်ပုဒ်။ မနေအပ် ရပ်ပြစ်တဲ့ရှစ်ဖြာ၊ အရူပဗြဟ္မာနှင့်
အသညာဘုံကိုနှော ရောထည့်လိုက်ပါ၊
အပါယ်ရွာ လေးဖြာကွယ်မှတ်အုံး။
ပစ္စန္တရစ်ရယ်နှင့် ကြဉ်ပစ်ခါ သုဂတိ အဟိတ်မှာလှ၊
မနိပ်ပါ စိတ်နာဖို့ အခင်းရယ်ကြောင့်၊ ဟိတ်မပါ
ပိတ်ကာသွင်းရတယ် သင်းနောက်ပိတ်ဆုံး။

     အထက်ဖော်ပြပါ ရသေ့တို့သည် လက်ရှိစျာန်ဖြင့် သေကြရသောကြောင့် ဗြဟ္မဘုံဘဝ ရောက်ကြရသော်လည်း ကုသိုလ်ကံ အရှိန်အဟုန် ကုန်သောတစ်နေ့တွင် အောက်ဘုံအသီးသီးသို့ တစ်ဖန်စုန်ဆင်း၍ ဒုံရင်းဟုဆိုအပ်သော အပါယ်လေးဘုံသို့ ကျရောက်တတ်သောဟူ၏။ (ပုထုဇဉ်ဗြဟ္မာတို့ကို ဆိုလိုသည်)။ ထို့ကြောင့် “ဗြဟ္မပြည်တဝင်းဝင်း ဝက်စားကျင်း တရှုတ်ရှုတ်”ဟု ဆိုထုံးပြုကြ၏။ “ဗြဟ္မာဘုံလျှောတော့ ချုံတော တိုးရသည်”ဟူသော ဆိုထုံးတစ်ရပ်လည်းရှိသေးသည်။ ဗြဟ္မာများ စုတေသောအခါ မဟဂ္ဂုတ်ကုသိုလ်၏ အစွမ်းအားကြောင့် တိုက်ရိုက်အားဖြင့် အပါယ်လေးပါးသို့ မကျရောက်နိုင်ပါ။ အောက်ဘုံအသီးသီးသို့ အဆင့်ဆင့် စုန်ပြီးမှ အပါယ်ဘုံသို့ ကျရောက်တတ်သည်ဟူလို။ ထို့ကြောင့် ပုထုဇဉ်အဖြစ်မှ မလွန်မြောက်ခဲ့သော် မဟဂ္ဂုတ်ကုသိုလ်မျိုး စဉ်လျက် ဝိနိပါတဘေးမှ မကျော်နိုင်ပါ။ ယင်းသို့များမြတ်သော ကုသိုလ်ရှင်တို့သော်မှလည်း ဝိနိပါတဘေးမှ မလွတ်အေးနိုင်သေးကြောင်း ထင်ရှားရှိပါလျှင် ကုသိုလ်ကောင်းမှု မရှိကြသူတို့အနေမှာကား အထူးဆိုဖွယ် မရှိတော့ပါ။ ကောင်းမှုကုသိုလ်တို့ကို ကြိုးစားနိုင်သမျှ ကြိုးစားကြပါကုန်။ ကုသိုလ်ပြုရန်ကြောက်သောသူအား လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ကြောက်သည်မည်၏ဟု ဟောတော်မူပါသည်။
“ပုညံ ဘိက္ခဝေ မာဘာယိတ္တ ပုံညဘာယန္တော
သုခံဘာယတိ နာမ”။ (ပါထေယျ အဋ္ဌကထာ)
     ဘိက္ခဝေ၊ ရဟန်းတို့။ ပုညံ၊ ဒါန သီလ သမထ ကုသိုလ် ထိုထိုတို့ကို။ မာဘာယိတ္တ၊ မကြောက်ကြကုန်လင့်။ ပုညံ၊ ဒါနံ သီလ သမထ ကုသိုလ် ထိုထိုတို့ကို။ ဘာယန္တော၊ ကြောက်သောသူအား။ သုခံ၊ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမြတ်ကို။ ဘာယတိနာမ ကြောက်သည်မည်၏။
     ဒေသနာအဆို အဆုံးမအရ ကုသိုလ်ပြုရန် နောက်တွန့် ကြောက်ရွံ့ မနေစေပဲ ရဲရက်စွာကြိုးစားကြပါကုန်ဟုအထူးတိုက်တွန်း အပ်ပါသည်။ ပုထုဇဉ်ဘဝနှင့် မွေး၊ ပုထုဇဉ်ဘဝနှင့်နေ၊ ပုထုဇဉ်ဘဝနှင့် သေကြလျှင်ကား အလွန်လည်း အသေကျပ်လှပါသည်။ ဆိုလိုသည်မှာ ယခုလက်ရှိဘဝမှ သေကြလျှင် ဒုတိယဘဝ၌ မုချဧကန် တစ်ဖန် လူပြန်ဖြစ်မည်ဟု မည်သူတစ်ဦး တစ်ယောက်ကမျှ အာမဝန်တာ မခံနိုင်သောကြောင့် ဖြစ်ပါသည်။ မနုဿတ္တ ဒုလ္လဘ ရတောင့်ရခဲလှသော လူ့ဘဝ လူအဖြစ်လည်း ရရှိထားပြီးဖြစ်၏။ ဗုဒ္ဓသာသနာတော် နေလ အသွင်ထင်ရှားသော ကာလသမ္ပတ္တိလည်း ကြုံဆုံနေကြပြီ ဖြစ်၏။ ထိုထိုသော အခွင့်ကောင်း အခါကောင်းများနှင့် ပြည့်စုံ ဆုံဆည်းပါလျက် ပုထုဇဉ်ဘဝမျိုးနှင့် အကျိုးမဲ့သေကြရလျှင်ကား ရှုံးခြင်းကြီးမက ရှုံးရတော့သည်။
  ထို့ကြောင့် လူဖြစ်ကျိုးနပ်အောင် အန္ဓပုထုဇဉ်ဘဝမှ ကလျာဏပုထုဇဉ်, စူဠသောတာပန်ဘဝ အဆင့်အတန်းသို့ ရောက်အောင်ကြိုးစားကြပါကုန်၊ သို့မှသာ လက်ရှိရထားသော ဘဝသည် အကျိုးရှိမည်၊ မတွေမဝေသေနိုင်မည်။ ရုပ်နာမ်ခန္ဓာတို့သာ ထင်ရှားရှိကြောင်း ပြဆိုရာဖြစ်သော ဝိပဿနာ သမ္မာဒိဋ္ဌိ အမြင်မှန်ကို ရအောင် ရှာကြံကြိုးစားကြပါကုန်။ သို့မှသာ ဝိနိပါတဘေးမှ လွတ်အေး၍ သုဂတိ ဒုဂ္ဂတိလမ်းနှစ်သွယ်အနက်၊ သုဂတိလမ်းသို့သာလျှင် မုချလှမ်းရမည်ဖြစ်၏။ ဒုဂ္ဂတိဟုဆိုအပ်သော အပါယ်ဘေးမှ တကယ်အေး တကယ်ဝေးလျက် အပါယ်တံခါး ပိတ်မည်ဖြစ်ပါသည်။ အရိယာ အစစ်မဖြစ်သေးသော်လည်း အရိယာအစစ်များနှင့် အကျိုးတူသည့် စခန်းသို့ရောက်ပါမည်။ သေလျှင်လည်း သပိတ်သွတ်လွတ်ပါမည်။ ဥဒ္ဓင်္ဂမနည်းဖြင့် တစ်ဘဝထက် တစ်ဘဝ အဆင့်ဆင့် မြင့်သည်ထက် မြင့်အောင် ဆန်တက်ပါမည်။
အဓောဂမနည်းအားဖြင့် အောက်သံသရာသို့ မသက်လားတော့ပဲ၊ ခုနစ်ဘဝအလွန် ရှစ်ဘဝမြောက် မရောက် မကူးတော့ပဲ သန္တိသုခ နိဝါနဓါတ် အမတဓါတ်၊ နိဗ္ဗာန်မြတ်ချမ်းသာကို စံစားရမည်ဖြစ်ကြောင်း စေတနာကောင်းဖြင့် တိုက်တွန်းလိုက်ပါသတည်း။

     နာနာသတ္တ ဥလ္လောကနဘေး
     နာနာသတ္တ ဥလ္လောကနဘေး၏ အဓိပ္ပါယ်မှာ ဖြစ်ရာဘဝ၌ ဘုရားမှားသောဘေး၊ ဆရာမှားသောဘေး၊ ကိုးကွယ်မှုမှားသောဘေး ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ ကာမာဝစရ ကုသိုလ်၏ အစွမ်းအားဖြင့် လူဖြစ်ရငြားသော်လည်း ဘုရားမှားသောဘေးနှင့် တွေ့ရခြင်းသည် နာနာသတ္တ ဥလ္လောကနဘေး၏ အနှစ်ချုပ်ပင် ဖြစ်ပါသည်။
     တစ်ကမ္ဘာလုံးတွင် လူမျိုးအသီးသီးရှိရာ ကိုးကွယ်ရာဘာသာလည်း အမျိုးမျိုးရှိပါသည်။ မိမိတို့နှစ်သက်ယုံကြည်ရာ ဘာသာ အလျောက် ယုံကြည်ကိုးကွယ်မှုမှာလည်း အသီးသီးရှိကြပါသည်။
     ကိုးကွယ် = ကိုးဟူသည် အားကိုးခြင်း။ ကွယ်ဟူသည် အကာအကွယ်ယူခြင်း။
     ဗုဒ္ဓဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို မြတ်နိုးကိုးကွယ် ယုံကြည် ဆည်းကပ်ကြကုန်၏။ မဟာမေဒင်ဘာသာက ခိုရာဘုရား၊ ခရစ်ယာန်ဘာသာက ခရစ်တော် ဘုရား၊ ဟိန္ဒူ ဗြဟ္မဏတို့က ဂျိန်းဘာသာ၊ ဗြဟ္မာကို ကိုးကွယ်ကြ၏။ အချို့ အချို့သော လူတို့က သစ်ပင်၊ တောတောင်၊ မြစ် ချောင်းကမ်းပါး၊ နေ၊ လ စသည်အားဖြင့် ယုံကြည်ကိုးကွယ် ဆည်းကပ်ကြကုန်၏။ ထိုသက်မဲ့အရာဝတ္ထုတို့က မိမိတို့ကို ကောင်းကျိုးချမ်းသာ ပေးတတ်ရာ၏ဟု ယုံကြည်၏။ ကျရောက်မည့် ဘေးရန်အန္တရာယ်တို့မှ လွတ်အောင် အကာအကွယ်ပြုပေးနိုင်သည်ဟု ယုံကြည်၍ ကိုးကွယ်ကြခြင်း ဖြစ်၏။ စင်စစ် ထိုသက်ရှိသက်မဲ့ အစုစုတို့သည် ၎င်းတို့ ထင်မှတ်သလို ကောင်းကျိုးချမ်းသာကို မပေးနိုင်ပါ။ ဘေးအန္တရာယ်အပေါင်းမှလည်း အကာအကွယ် မပေးနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် သရဏဂုံ မထိုက်သောကြောင့်တည်း။
     တကယ်တန်း အစစ်အမှန် သရဏဂုံ ထိုက်သည်မှာ ဘုရား၊ တရား၊ သံဃာ၊ ရတနာမြတ်သုံးပါးသာလျှင်ဖြစ်ပါသည်။ ရတနာမြတ်သုံးပါးမှ တစ်ပါး အခြားကိုးကွယ်ရာဟူသည် မရှိပါ။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် အစစ်အမှန် ရတနာမြတ်သုံးပါးကို ကိုးကွယ် ဆည်းကပ်ခွင့်ရကြပါသည်။ စစ်မှန်သော ဘုရားကို ကိုးကွယ်မှသာ စစ်မှန်သော တရားတော်ကို ရမည်ဖြစ်၏။ စစ်မှန်သော တရားကို လက်တွေ့ကျင့်ကြံအားထုတ်မှလည်း စစ်မှန်သော သံဃာဖြစ်ခွင့် တွေ့ခွင့်ရှိမည်ဖြစ်ပါသည်။
     ဘုရားစစ် ဘုရားမှန်ဟူသည် အကြောင်းတရား၏ ပြည့်စုံခြင်း၊ အကျိုးတရား၏ ပြည့်စုံခြင်း၊ သတ္တဝါအများ အကျိုးစီးပွားနှင့် ပြည့်စုံခြင်းတည်းဟူသော သမ္ပဒါတရားတို့နှင့် ပြည့်စုံပါသည်။ သမ္ပဒါတရားတို့တွင် နိယတဗျာဒိတ်ပန်း ဆင်မြန်းပြီးချိန်မှစ၍ ဘုရားဖြစ်သည်တိုင်အောင် လေးသချေင်္နှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ဆည်းပူး အထူးအားထုတ်တော်မူခြင်းသည် အကြောင်းတရား၏ ပြည့်စုံခြင်း မည်ပါသည်။ ဖြည့်သိမ်းဆည်းပူး အထူးအားထုတ်အပ်သော ပါရမီတော်တို့၏ ပြည့်စုံခြင်း အကြောင်းကြောင့် ဉာဏ်တော် အနန္တ၊ ပယ်သင့် ပယ်အပ်ကုန်သော တရားတို့ကို ပယ်ခြင်း၊ သတ်ခြင်း၊ ဘုန်းတန်ခိုးတေဇော် အာနုဘော်တို့နှင့် ပြည့်စုံခြင်း ၀ဏ္ဏာယတန တည်းဟူသော ခန္ဓာကိုယ် အတ္တဘော၏ တင့်တယ် စံပယ်မှုနှင့် ပြည့်စုံခြင်းသည် အကျိုးတရား၏ ပြည့်စုံခြင်းမည်ပါသည်။
မရင့်ကျက်သေးသော ဣန္ဒြေရှိသူတို့အား ဣန္ဒြေရင့်ကျက်ခြင်းသို့ရောက်အောင် ငံ့လင့်တော်မူခြင်း၊ ဒေဝဒတ် အစရှိသော ဝိရောဓိ သတ္တဝါတို့သော်မှလည်း အကျိုးစီးပွားများခြင်း၌ အမြဲလိုလားတော်မူခြင်း၊ လာဘ် လာဘပူဇာ သက္ကာရတို့မှ ငဲ့ကွက်ခြင်း ကင်းတော်မူသော ဘုရားရှင်သည် အနိစ္စ အစရှိသော လက္ခဏာယာဉ် သုံးပါးကို အဦးအမှူးထား၍ အလုံးစုံသော သတ္တဝါတို့ကို သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်ရာလွတ်ကြောင်းဖြစ်သော တရားတော်ကို ဟောဖေါ်ပြသ ဆုံးမတော်မူခြင်းတို့ကား သတ္တဝါများ အကျိုးစီးပွားနှင့် ပြည့်စုံခြင်း ဖြစ်ပါသည်။
     အဆိုပါ ပြည့်စုံခြင်း တရားသုံးပါးသည် ဘုရားတု ဘုရားယောင်တို့၌ လုံးဝမရှိပါ။ စစ်မှန်သော ဗုဒ္ဓရှင်တော် ဟောဖေါ်အပ်သော မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်၊ ပရိယတ်၊ ဆယ်ပါးသောတရားတော်မြတ်ကို ဗုဒ္ဓရှင်တော်မြတ်ဘုရားမှ တစ်ပါး၊ လောကသုံးပါး၌ ဟောဖေါ်နိုင်စွမ်းသူ မရှိတော့ပါ။
မယုံကြည် မကိုးကွယ်ထိုက်သော ဘုရားတု ဘုရားယောင်ကို ကိုးကွယ်မိသည်ဖြစ်က ထိုဘုရားက ဟောသော တရားလည်း လွဲမှား၏။ လွဲမှားသော တရားအယူ အကျင့်ဖြစ်ကလည်း အပါယ်လေးပါးသို့ ကျရောက်ရပါသည်။

     ဒုစ္စရိတဘေး
ဒု = မကောင်းသဖြင့်၊ မကောင်းသော။
စ္စရိတ = အကျင့်
ဒုစ္စရိတဘေး = မကောင်းသဖြင့် ကျင့်သောဘေး၊ မကောင်းသော အကျင့်ဘေး။

     ဂင်္ဂါဝါဠုသဲစုမက ပွင့်ထွန်းတော်မူကြကုန်သော ဘုရားရှင်အဆူဆူတို့က ဒုစရိုက်(၁၀)ပါးသည် မကျင့်ကောင်း၊ မကျင့်အပ်။ မကြံကောင်း၊ မကြံအပ်သော တရားများဖြစ်၏ဟု ဟောတော်မူ၏။ ထိုမကျင့်ကောင်း မကြံကောင်းသော ဒုစရိုက်တရားတို့ကို အချို့အချို့ကုန်သော သူတို့က သုစရိုက်တရားဟု အမှတ်ထား၍ ကိုယ်နှုတ်နှလုံး သုံးပါးလုံးတို့ဖြင့် ကျင့်ကြံကြကုန်၏။ ကျင့်ကြံနိုင်လျှင် မိမိတို့၏ ဘုန်းတန်ခိုးကျက်သရေ အကျိုးစီးပွားများ တက်ရာ၏ဟု ထင်မှတ်မှားသည်ကြောင့် သူ့အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်၏။ ယာဇ်ကြီး ယာဇ်ငယ်ပူဇော်ကြ၏။ ယင်းသို့ မကျင့်ကောင်း မကြံကောင်းသော ဒုစရိုက်တရားကို ဒုစရိုက်တရားပဲဟု မသိနားမလည်းခြင်း၊ ဒုစရိုက်တရားကို သုစရိုက်တရားဟူ၍ အမှတ်မှား၊ အသိမှား၊ အယူမှားခြင်း တို့ဖြင့် ပြုကျင့်သော ဘေးသည် ဒုစ္စရိတဘေးပါတည်း။
      ဒုစရိုက်တရား(၁၀)ပါးကို စေတနာ သာသာထိုးထိုးဖြင့် ပြုကျင့်ကုန်သူဟူသမျှတို့သည် လက်ရှိခန္ဓာကိုယ် ပျက်စီးသည်၏ အခြားမဲ့ဘဝ၌ မကောင်းသူတို့ လားရာဖြစ်သော အပါယ်လေးပါးသို့ လားရောက်ရပါသည်။

     အပါယဘေး
    အပါယ်လေးပါး လားရောက်ရခြင်းကား (၄)နံပါတ် အပါယဘေးနှင့် တွေ့ခြင်းဖြစ်ပါသည်။
     ဘေးလေးပါးသည် တစ်ပါးနှင့် တစ်ပါး အချင်းချင်း ကျေးဇူးပြု ဆက်နွယ်နေပါသည်။
၁။ သေသည်၏ အခြားမဲ့၌ ဝိနိပါတဘေးနှင့် တွေ့လျှင်
၂။ နာနာသတ္တဥလ္လောကနဘေးနှင့်တွေ့၏၊ တွေ့လျှင်
၃။ ဒုစ္စရိတဘေးနှင့်တွေ့တော့၏၊ တွေ့လျှင်
၄။ အပါယဘေးမှ ပြေးမလွတ် မုချတွေ့တော့၏။
     ဘေးကြီးလေးပါးတွင် နံပါတ်(၁)ဝိနိပါတဘေးသည် ပဓာနကျ၏။ ဝိနိပါတဘေးမှ လွတ်လျှင် နာနာသတ္တဥလ္လောကနဘေး၊ ဒုစ္စရိတဘေး၊ အပါယဘေးတို့မှ လွတ်၏။ မူလစစ် အမြစ်မြေက အသီးတရာ အညှာတစ်ခု ဆိုထုံးပြုသည့် စကားအရ ပဓာနကျသော ဝိနိပါတဘေးမှ လွတ်ရန် အရေးကြီး၏။ အမှုမဲ့ အမှတ်မဲ့နေ၊ အမှုမဲ့ အမှတ်မဲ့ သေကြလျှင်ကား ဘေးလေးပါးမှ လွတ်လမ်း လွတ်ခွင့် ခက်လှပါသည်။ လွတ်လမ်း လွတ်ခွင့် အစစ်အမှန်တရားသည် ဝိပဿနာ သမ္မာဒိဋ္ဌိလမ်းစဉ်မှ တစ်ပါး အခြားမရှိတော့ပါချေ။

ပခုက္ကူ ဝိပဿနာသင်တန်း
(ဗုဒ္ဓကမ္ဘာမှ ကူးယူဖော်ပြထားသည်)

No comments:

Post a Comment