ဗုဒ္ဓံ ............................................................................................... ဓမ္မံ ............................................................................................... သံဃံ

အရပ်ဆယ်မျက်နှာမှာ ရှိကြကုန်သော အနန္တ သတ္တဝါတွေ ဘေးရန်ခက်သိမ်း ကင်းဝေးကြပါစေ။
" မြတ်စွာဘုရား၏ တရားတော်တို့ကို နာကြားခွင့်ရသူတို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ " (မိထွေးတော်ဂေါတမီ)

Sunday, September 6, 2015

ဘဝနေနည်း

ဘဝနေနည်း


     မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကာလက  တောမှီရဟန်းတစ်ပါး ရှိခဲ့ဖူးသည်။ ထိုရဟန်း   ဝေဒနာကို ပြင်းထန်စွာခံစားနေရချိန်တွင်     ဘာဝနာရှုမှတ်ရင်း တရားထူးရကာ ပျံလွန်တော်မူပုံဖြစ်သည်။
    ဇာတ်တော်တွင် ရဟန်းတစ်ပါး တောအုပ်တစ်ခု၌ တရားအားထုတ်နေစဉ် ကျားဆွဲခံရ၏။ ထိုရဟန်း ခန္ဓာဝန်မကျမီ ချောက်ကမ်းတစ်ဖက်သို့ ကျားနှင့်အတူပါသွားချိန်လေးတွင် စိုးရွံ့တုန်လှုပ်မှု အလျဉ်းမရှိဘဲ ငါသေရတော့မှာပါလားဟု  ဆင်ခြင်မိ၏။  ခြေဖျားမှစ၍   တကျွတ်ကျွတ်ဝါးစားခံနေရသော နာကျင်မှု ဝေဒနာကို သည်းခံရင်း သတိဉာဏ်မလွတ်စေဘဲ ဆင်ခြင်နိုင်သဖြင့် ကျားပါးစပ်ဝတွင် တရားထူးရသွား ခဲ့၏။ ရခဲလှသည့်ဘဝကို နောက်ဆုံးအချိန်အထိ အကျိုးရှိရှိ အသုံးချသွားခြင်းဖြစ်၏။
     ကျွန်ုပ်တို့သည် မိမိတို့ဘဝ ရှင်သန်ရပ်တည်နိုင်ရေးအတွက် နိစ္စဓူဝ သွားလာလှုပ်ရှားရုန်းကန်နေကြရ၏။ ထိုသို့   ရုန်းကန်လှုပ်ရှားကြရာတွင် ဖြစ်ချင်တာတွေ မဖြစ်ရ၊  မဖြစ်ချင်တာတွေ ဖြစ်ကြရ၏။  အချို့လည်း ဒုက္ခသုက္ခများကို သေလုမြောပါး ကြုံတွေ့ခံစားကြရ၏။ ထိုအခါ ဘဝကိုအချည်းနှီး အဆုံးအရှုံးခံလိုက် သူများရှိသလို   အချို့လည်း   လက်မြှောက်အလျှော့ပေးလိုက်ကြသူများလည်းရှိ၏။
     အချို့လည်းမကြုံတွေ့ချင်ဘဲ ကြုံတွေ့နေရသောဘဝကို   သောကတဝေဝေဖြင့် ဖိစီးမှုဒဏ်ကို သင့်သလို သည်းခံနေလိုက်ကြ၏။ အချို့လည်း မိမိစိတ်ကို မထိန်းချုပ်နိုင်သဖြင့် မလုပ်သင့်မလုပ်ထိုက်သော အလုပ်ဖြင့် ဘဝမှ အပြီးတိုင်ရုန်းထွက်လိုက်ကြ၏။
     အမှန်တွင် လူ့ဘဝဟူသည်မှာ ရခဲလှပေ၏။ ရခဲလှသည့်လူ့ဘဝကို မည်သည့်အခြေအနေရောက်ရောက် မလျှော့သောဇွဲလုံ့လဖြင့် တင်းခံအားထုတ်ကြဖို့ဖြစ်၏။ ဣရိယာပုတ် လေးပါးနှင့်အညီ လိုက်လျောညီထွေ နေထိုင်တတ်ဖို့ဖြစ်၏။ သွားသတိ၊  လာသတိ၊  စားသတိ၊ လှုပ်ရှားမှုမှန်သမျှတို့၌ ကံသုံးပါးစလုံး သတိသမ္ဗဇဉ် တရားနှင့်ယှဉ်ပြီး ကျင့်ကြံနေထိုင်တတ်ဖို့ဖြစ်၏။
   မိမိတို့၏အဇ္စျတ္တတွင် အချိန်တိုင်းဖြစ်နေတတ်သည့် ဝိရောဓိများ၊ မကောင်းမှုစိတ်ထားများကို ဖယ်ရှား တတ်ဖို့ဖြစ်၏။ အမှတ်တမဲ့နေထိုင်တတ်သူများအတွက် အချိန်သည် အလဟဿအချည်းနှီး   အဟောသိကံ ဖြစ်တတ်ပြီး  ဉာဏ်သတိနှင့်ယှဉ်ပြီးနေထိုင်တတ်ကြသူများအဖို့  အချိန်သည် တန်ဖိုးကြီးမားလှ၏။
   ဆိုလိုသည်မှာ မိမိဘဝပျက်သုဉ်းရမည့် နောက်ဆုံးလက်ကျန်အချိန်လေးအတွင်းမှာပင် သတိ သမ္ဗဇဉ်တရား လက်ကိုင်ထားပြီး ကောင်းသောစိတ်ထားများ မွေးမြူသွားခြင်းဖြင့် ကောင်းသောဘဝသို့ ရောက်ရှိခံစားနိုင်ပုံကို ညွှန်းဆို လိုခြင်းဖြစ်၏။
       ဒုက္ခများမြောင်  ဤလူ့ဘောင်ဟု ဆိုစမှတ်ရှိကြပါ၏။ ထိုသို့ဆိုပင် ဆိုငြား သော်လည်း ကြုံတွေ့ရသော လောကဒဏ်ကို ကြံ့ကြံ့ခံကာ လက်မြှောက်အရှုံး မပေးဘဲ မိမိတို့ဘဝအတွက်  အကောင်းဆုံးဖြစ်အောင်  ကျင့်ကြံအားထုတ် လုပ်ဆောင်ကြဖို့ဖြစ်ပါသည်။
     ကာမဂုဏ်အာရုံခံစားနေဆဲအချိန်မှာလည်း   ငါဘုရားကိုမမေ့နှင့်ဟူသော အဆုံးစွန် အဆိုအမိန့်ကို ဝိသာခါ ကျောင်းအမကြီးအား မြတ်ဗုဒ္ဓက ဆုံးမခဲ့ဖူးသည်။ ထိုဆုံးမစကားသည် လောကီ၊ လောကုတ္တရာနှစ်ဌာန တွဲလျက် ကုသိုလ်ယူနိုင်ကြောင်း မှတ်သားစရာ ဘဝနေနည်းဖြစ်ပါသည်။
     မြတ်ဗုဒ္ဓ၏ အနှစ်တရားမှာ ပစ္စုပန်တည့်တည့်တွင် ကျင့်ကြံနေထိုင်ခြင်း၊ ကံသုံးပါးပြုလုပ်ဆဲခဏတွင် ဉာဏ်သတိနှင့်ယှဉ်၍ နေထိုင်ခြင်းတို့ဖြစ်ပါသည်။ ဘဝနေနည်း အမှန်၊  အနေတတ် အသေမြတ်ခြင်း၏ နည်းလမ်းကောင်းများပင် ဖြစ်သည်။
     ကိစ္စများမြောင် လူတို့ဘောင်တွင် မည်သည့်အရာမျှ ရှောင်လွှဲ၍မရပါ။ တစ်နည်းနည်းနှင့် ဆက်နွှယ် ပတ်သက်ကြရပါသည်။ မဖြစ်မနေကြုံတွေ့ရသည့် ဘဝများတွင်    လုပ်သင့်လုပ်ထိုက်သည့်အကျင့်မြတ်မှာ သတိသမ္ဗဇဉ်နှင့်ယှဉ်သည့် ပွားများအားထုတ်ခြင်းဖြစ်ပါသည်။ သောကကင်းဝေးစေမည့် အကောင်းဆုံး သော ဘဝနေနည်းအမှန်ပင်ဖြစ်ပါသည်။     ။



❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

No comments:

Post a Comment