ဘုရားအဆုံးအမဖြစ်တဲ့ ပိဋကတ်သုံးပုံ အကုန်လုံးဟာ ‘ဆင်းရဲလွတ်မှုတစ်ခု’ ဖြစ်လို့ နည်းတွေများသော်လည်း အားလုံးအတူတူပဲ။ အကုန်လုံးလိုက်ပြီး လုပ်စရာမလိုဘူး။ အများကြီးထဲက ကြိုက်ရာတစ်ခုကို ၀ီရိယမှန်မှန်နဲ့ သန်သန်လုပ်ဖို့ အရေးကြီးတယ်။
စရဏ (အကျင့်) နဲ့ ၀ိဇ္ဇာ (အသိ) တပြိုင်နက်ဖြစ်အောင် လုပ်ရတယ်။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုပြီးတာ ဒါပဲရှိတယ်။ (အလုပ်လုပ်ရင်း ရအောင်ရှုပါ။)
ဘုရားစကား၊ ဆရာ့စကား တစ်ထစ်ချနာယူ၊ အရာရာ ရိုသေ၊ ကိုယ်ကို နှိမ့်ချ၊ ခန္တိနဲ့ မေတ္တာ များများထားပြီး လုပ်ရတယ်။
‘၀ိပဿနာတရား’ဆိုတာ ထင်ရှားတဲ့တရားကို မြင်အောင် ရှုမှတ်ခြင်းပင်ဖြစ်တယ်။ ထင်ရှားရှိတဲ့တရားကို မြင်အောင်မရှုနိုင်ရင် ၀ိပဿနာ မဖြစ်ဘူး။
ထင်ရှားတဲ့ တရားဆိုတာ တခြားမှာသွားပြီး ရှာရတာမျိုးမဟုတ်ဘူး။ ရှောင်မရ၊ တိမ်းမရ မမြင်ချင်လို့ မနေရအောင် ကိုယ်မှာ အမြဲထင်ရှားရှိနေတဲ့ ရုပ်နာမ်တရားတွေပဲ ဖြစ်တယ်။
ကိုယ်မှာ အမြဲထင်ရှားရှိတဲ့ ရုပ်နာမ်တရားတွေထဲမှာ လူတိုင်း နားလည်လွယ်ကူတာဟာ ‘အာနာပါန’ ၀င်လေထွက်လေ ရှုမှတ်မှု ဖြစ်တယ်။
‘ထွက်လေ ၀င်လေ’ဆိုတာ အမိ၀မ်းမှ မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေတဲ့ တရားသဘော ဖြစ်တယ်။ အလုပ် လုပ်နေရင်း၊ စကားပြောနေရင်း၊ စာကျက်နေရင်း၊ အိပ်ပျော်နေရင်းလည်း ရှိနေတာပဲ။
ထွက်လေ ၀င်လေဟာ အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့နေကြလို့ ‘သတိမမူ ဂူမမြင်’ ဖြစ်နေကြတယ်။ ‘သတိမူရင် မြူတောင်မြင်ရတယ်’ ဆိုတာလို ဂရုစိုက်ပြီး ကြည့်ရှုနေမှ ရှိမှန်းသိကြတယ်။
‘ကြည့်’ ဆိုရာမှာ ၀ိပဿနာဖြစ်ဖို့ရာအတွက် ထွက်လေ ၀င်လေထိရာ နှာဖျား နှာဝမှာ ၀င်တိုင်းထွက်တိုင်း ရိပ်ရိပ်နဲ့ တထိတည်း ထိနေတာကို တသိတည်းသိနေအောင်၊ တရစပ် သိမြင်အောင် ကြည့်ရှုနေရမယ်။ အိမ်အမိုးကို စပ်အောင် ထူထူမိုးမှ နေပူဒဏ်၊ မိုးရွာဒဏ်ကို ခံနိုင်တယ်။ (၂၄ နာရီ အမြဲမပြတ် တစ်စပ်တည်း ရပါစေ။)
တစ်ရက် ၂၄-နာရီ တစ်စပ်တည်းရလျှင် အလွန်သိသာပါတယ်။ (နိသဇ် = လျောင်းစက်၍ မအိပ်သော၊ ဓုတင် = အကျင့်ကိုဆောင်) ဘုရားဆုံးမတာမှန်သမျှ ဆင်းရဲအောင် မဆုံးမဘူး။ ချမ်းသာဖို့ချည်းပဲ။ ဘုရားလက်ထက်က နိသဇ်ဆောင်တဲ့ ပုဂ္ဂိုလ်များ ပိုပြီးတောင် အသက်ရှည်ကြ၊ ကျန်းမာကြတယ်။ အိပ်ချင်လို့ အိပ်ရင် တစ်သံသရာလုံး နိုးတော့မှာမဟုတ်ဘူး။ အိပ်ချင်ရင် မအိပ်တဲ့နေရာရှိတယ်။ အဲဒီကို ရောက်အောင်သွား။
ထိတာကို သိနေရင် သိက္ခာသုံးပါ၊ မဂ္ဂင်ရှစ်ပါးမှအစ ဗောဓိပက္ခယတရား ၃၇-ပါး၊ ပိဋကတ်သုံးပုံ အလုံးစုံ တစ်ပြိုင်နက် ပါ၀င်ပြီးဖြစ်တယ်။
တရိပ်ရိပ်နဲ့ ထိတိုင်း၊ ပျောက်တိုင်း (ရုပ်နာမ်) ဖြစ်မှုပျက်မှုတွေ ဖြစ်ပျက်ပြီး နေခြင်းဖြစ်တယ်။
တရိပ်ရိပ်နဲ့ နှာဖျားမှာ ထိလိုက်၊ ပျောက်လိုက်နေတာတွေကိုသာ တစ်ဆက်တည်း သိမြင်အောင် ကြည့်ရှုနေရင် ကြာရင် ၀ိပဿနာ သမာဓိ တစ်စထက်တစ်စ၊ တစ်ခဏထက်တစ်ခဏ တိုးတက်ပြီး အားကြီးလာတဲ့အခါ နှာဖျား၊ နှာဝတွင်သာမက ခန္ဓာကိုယ်မှာလည်း အလိုလို တရိပ်ရိပ် တရွရွတွေ ဖြစ်ပျက်နေတာကို တွေ့ရမယ်။
တစ်ကိုယ်လုံး တရိပ်ရိပ်၊ တရွရွ အမြဲမပြတ်ဖြစ်နေတာကို တွေ့လာရတဲ့အခါ (အနိစ္စကို ကောင်းစွာမြင်သာသောကြောင့်) ဒုက္ခနဲ့ အနတ္တဟာ အလိုလို ထင်မြင်လာလိမ့်မယ်။ ပါးစပ်ကနေ ဆိုနေဖို့ မလိုဘူး။ ၀ိပဿနာအလုပ်ဟာ ထိမှုကို ကြည့်ရှုသိနေရုံသာဖြစ်တယ်။ ကြည့်နေရင်း ရှုမှတ်နေရင်း သိထိုက်သမျှကို အလိုလို တစ်နေ့ထက်တစ်နေ့ တိုးပြီး တိုးပြီး သိလာလိမ့်မယ်။
အဲဒီလို တရိပ်ရိပ်နဲ့ ထိမှု၊ သိမှုတို့ကို ကြည့်ရှုနေရင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဆိုက်လာပြီဆိုရင် အလွန်သိသာလှပါတယ်။ ဘယ်လို သိသာသလဲဆိုတော့ ‘ရေငတ်၍နေသော သူသည် ရေကိုသောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့’ ဖြစ်သွားတော့တယ်။ သူများမေးစရာမလို ကိုယ်တိုင်သိမယ်။ (သန္ဒိဋ္ဌိကော)
(သန္ဒိဋ္ဌိကော = ချမ်းသာအစစ်ကို ကိုယ်တိုင်လက်ငင်းတွေ့နေရတယ်။)
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရပြီး ရောက်ပြီးလို့ ဖလသမာပတ်ကို ၀င်စားချင်ရင် မိမိလာခဲ့ဖူးတဲ့ ၀ိပဿနာလမ်းကို ပြန်ကြည့်ရတယ်။ ဖလသမာပတ်ဟာ ကိုယ်ပိုင်အိမ်နဲ့တူတယ်။
ယုံယုံကြည်ကြည်၊ လုံ့လဝီရိယရှိရှိနဲ့ ထိမှု သိမှုတို့ကိုသာ တစ်ဆက်တည်းဖြစ်အောင် ကြည့်ရှုနေ။ ထွေလီကာလီတွေကို လိုက်မလုပ်နဲ့၊ အခုလုပ်၊ အခုမီးငြိမ်း၊ အခုချက်ချင်းပဲ ချမ်းသာတယ်။
(အကာလိကော = ကာလမခြား အကျိုးရှိတယ်။)
ဝေဘူဆရာတော်...အဆုံးအမ
ဓမ္မဒါနအလှူရှင်
ဦးသန့် + ဒေါ်စောရင် (ချန်ပီယံမိသားစု)
Copy from ဓမ္မရံသီ စာမျက်နှာ
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
No comments:
Post a Comment