ဗုဒ္ဓံ ............................................................................................... ဓမ္မံ ............................................................................................... သံဃံ

အရပ်ဆယ်မျက်နှာမှာ ရှိကြကုန်သော အနန္တ သတ္တဝါတွေ ဘေးရန်ခက်သိမ်း ကင်းဝေးကြပါစေ။
" မြတ်စွာဘုရား၏ တရားတော်တို့ကို နာကြားခွင့်ရသူတို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ " (မိထွေးတော်ဂေါတမီ)

Thursday, August 20, 2015

ဂေါတမဗုဒ္ဓ၏ အရပ်တော်

           

မြတ်ဗုဒ္ဓ၏ အရပ်တော်နှင့် ပတ်သက်၍ ကွဲပြားခြားနားသော အယူအဆနှစ်မျိုးတွင် မြတ်ဗုဒ္ဓသည် ပကတိလူတို့ထက် များစွာမမြင့် ဟူသော အယူအဆသည် ယုတ္တိဗေဒသက်သက်ကို အခြေခံ၏။ ဂေါတမဘုရားရှင်၏ အရပ်တော်မှာ ၁၈-တောင် ရှိ၏=ဟူသော အယူအဆသည် ကျမ်းဂန်အထောက်အထားကို အခြေခံကာ ယုတ္တိရှာ ပြ၏။ဘုရားရှင်၏ အရပ်တော်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ၊ အယူအဆမတူညီမှုများကို အဋ္ဌကထာ၊ ဋီကာများတွင် မတွေ့ရပါ။ ပုဂံခေတ်၊ အင်းဝခေတ်စာပေများတွင်လည်း မတွေ့ရပါ။ ခရစ်နှစ် ၁၉၃၇-ခုနှစ်လောက်တွင် တိုးတက်ရေးမဂ္ဂဇင်းတွင် ကိုစိန်ဖေ၊ ရှေ့နေ ဦးဘဦး၊ ဘိုးမေတ္တာ၊ ဘိုးဣန္ဒာ-စသော စာရေးဆရာများ တဖက်နှင့် တဖက် စာပေတိုက်ပွဲအသွင် ငြင်းခုံခဲ့ကြသည်ဟု တည်တောဆရာတော်၏ “ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ (၂)” စာအုပ်တွင် ဖတ်ရှုရပါသည်။ နောက်ဆုံး မည်သည့်ဘက်ကမျှ အနိုင်မရဘဲ ကိုယ်ကြိုက်ရာကိုယ်ယူ... ဆိုသည့် အနေအထားတွင် ရပ်ခဲ့ရသည်ဟု ဆိုပါသည်။
ဤသည်မှာ ထေရဝါဒအစဉ်အလာပင် ဖြစ်သည်။ ထေရဝါဒအစဉ်အလာသည် ကျမ်းဂန်က ဤသို့ဆိုလျှင် ဤသို့သာ မှတ်သည်။ အယူအဆတစ်ခုသည် ကာလဒေသနှင့် မလျော်ရုံမျှဖြင့်လည်းကောင်း၊ ရေးသားဟောပြောလျှင် လူတိုင်း လက်ခံနိုင်သော ဝါဒမဟုတ်ရုံမျှဖြင့်လည်ကောင်း၊ စာပေကျမ်းဂန်လာ ဗုဒ္ဓဒေသနာ တစ်ခုခုကို အလွယ်တကူ ပယ်လေ့မရှိ။
     မေးခွန်းပါ ဗုဒ္ဓဂေါတမဘုရားရှင်၏ အရပ်တော်အစစ်အမှန်ကို ဗုဒ္ဓဘာသာဝင်များ သိရှိရန် လိုအပ်ပါသည်-- ဟူရာ၌ အစစ်အမှန်ဆိုသည်ကို မည်သည့်ပေတံဖြင့် တိုင်းတာမည်နည်း။ ယုတ္တိဗေဒပေတံဖြင့် တိုင်းတာလျှင် မြတ်ဗုဒ္ဓသည် ပကတိလူတို့ထက် များစွာမမြင့်ဟူသော အယူအဆသည် အားသာ၏။ ကျမ်းဂန်အထောက်အထားဟူသော သာဓကပေတံဖြင့် တိုင်းတာလျှင် ၁၈- တောင်ရှိ၏- ဟု လက်ခံအပ်၏။ ထိုအယူအဆနှစ်ခုမှတစ်ပါး တတိယအမှန်တရား ရှာဖွယ်မရှိ။ သို့ရာတွင် တစ်ခုသိထားသင့်သေး သည်မှာ --
“အဟံ အဿတ္တမူလမှီ၊
ပတ္တော သမ္ဗောဓိမုတ္တိမံ။
ဗျာမပ္ပဘာ သဒါ မယှံ၊
သောဠသဟတ္ထမုဂ္ဂတာ။” (ဗုဒ္ဓဝံသ၊ ၃၈၀)
   “ငါသည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ မြတ်သော ဗောဓိဉာဏ်ကို ရတော်မူ၏။ တလံမျှသော ရောင်ခြည်တော်သည် ငါ့အား အခါခပ်သိမ်း ရှိ၏။ ငါသည် တစ်ဆယ့်ခြောက်တောင် မြင့်တော်မူ၏” ကို ထောက်၍ ၁၆-တောင် ဟုလည်း တစ်နည်းမှတ်နိုင်၏။
ထိုပါဠိတော်ကို အဋ္ဌကထာဆရာက -“အမှာကံ ဘဂဝါ အဋ္ဌာရသ ဟတ္ထုဗ္ဗေဓော။” (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၄၉) “ငါတို့၏ မြတ်စွာဘုရားရှင်သည် ၁၈-တောင် အရပ်တော်မြင့်၏”-ဟု ပကတိသာမာန် လူတို့၏ အတိုင်းအထွာနှင့်ညှိကာ “ရှင်စောတစ်ထွာ၊ မဇ်သုံးထွာ၊ တို့မှာ ခေါက်ချိုးတက်” လင်္ကာအရ တွက်ချက်ရလွယ်ကူစေရန် နှစ်တောင်တိုးကာ ဖွင့်ဆိုထားခြင်းဖြစ်၏။
     ဤတွင် အဋ္ဌကထာလာ ဝေမတ္တရှစ်မျိုးကို အနည်းငယ် ဖော်ပြလို ပါသည်။ ဘုရားရှင်တစ်ဆူနှင့် တစ်ဆူ မတူကွဲပြားသော အချက်ရှစ်ချက်ရှိ၏။ ထိုရှစ်ချက်မှ နှစ်မျိုးခန့် ထုတ်ပြလျှင်ပင် သဘောပေါက်နိုင်ပါသည်။
     (၁) အာယုဝေမတ္တ = ဘုရားရှင် တစ်ဆူနှင့်တစ်ဆူ အသက်တမ်း မတူညီပါ။
ဒီပင်္ကရာဘုရား၊ ကောဏ္ဍည၊ အနောမဒဿီ၊ ပဒုမ၊ ပဒုမုတ္တရ၊ အတ္ထဒဿီ၊ ဓမ္မဒဿီ၊ သိဒ္ဓတ္ထ၊ တိဿဘုရားအားဖြင့် ကိုးဆူသော ဘုရားရှင်တို့သည် အနှစ်တစ်သိန်းတမ်းတွင် ပွင့်တော်မူကြ၏။ မင်္ဂလဘုရား၊ သုမန၊ သောဘိတ၊ နာရဒ၊ သုမေဓ၊ သုဇာတ၊ ပိယဒဿီ၊ ဖုဿဘုရား ဤရှစ်ဆူသော ဘုရားရှင်တို့သည် အနှစ်ကိုးသောင်းတမ်းတွင် ပွင့်တော်မူကြ၏။ ရေဝတဘုရားနှင့် ဝေဿဘူဘုရားနှစ်ဆူတို့သည် အနှစ်ခြောက်သောင်းတမ်းတွင် ပွင့်တော်မူကြ၏။ ဝိပဿီမြတ်စွာဘုရားသည် အနှစ်ရှစ်သောင်းတမ်း တွင် ပွင့်တော်မူ၏။ သိခီဘုရားရှင်သည် အနှစ်ခုနစ်သောင်းတမ်းတွင် လည်းကောင်း၊ ကကုသန္ဓဘုရားရှင်သည် အနှစ်လေးသောင်းတမ်းတွင် လည်းကောင်း၊ ကောဏာဂမနဘုရားရှင်သည် အနှစ်သုံးသောင်းတမ်း တွင်လည်းကောင်း၊ ကဿပဘုရားရှင်သည် အနှစ်နှစ်သောင်းတမ်း တွင်လည်းကောင်း အသီးသီး ပွင့်တော်မူကြ၏။ ဂေါတမဘုရားရှင် သည်ကား အနှစ်တစ်ရာတမ်းတွင် ပွင့်တော်မူ၏။ ဤသို့ အသီးသီး အသက်တမ်းချင်းလည်း ခြားနားကြ၏။
     (၂) တစ်ဖန် ပမာဏဝေမတ္တ=ဟူသော ဉာဏ်တော် အရပ်တော် ပမာဏချင်းလည်း ခြားနားကြ၏။ ဒီပင်္ကရာ၊ ရေဝတ၊ ပိယဒဿီ၊ ဓမ္မဒဿီ၊ ဝိပဿီ ဘုရားရှင်တို့၏ အရပ်တော်သည် အတောင် ၈၀- မြင့်၏။ ကောဏ္ဍ ည၊ မင်္ဂလ၊ နာရဒ၊ သုမေဓဘုရားရှင်တို့၏ အရပ်တော် သည် ၈၈-တောင် မြင့်၏။ သုမနဘုရားရှင်သည် အတောင်၉၀၊ သောဘိတ၊ အနောမဒဿီ၊ ပဒုမ၊ ပဒုမုတ္တရ၊ ဖုဿ ဘုရားရှင်တို့သည် အတောင် ၅၀၊ သုဇာတဘုရားရှင်သည် အတောင် ၅၀၊ သိဒ္ဓတ္ထ၊ တိဿ၊ ဝေဿဘူ ဘုရားရှင်တို့သည် အတောင် ၆၀၊ သိခီဘုရားရှင် သည် ၇၀၊ ကကုသန္ဓဘုရားရှင်သည် ၄၀၊ ကောဏာဂမနဘုရားရှင် သည် ၃၀၊ ကဿပဘုရားရှင်သည် အတောင် ၂၀၊ ဂေါတမဘုရားရှင် သည် ၁၈-တောင် မြင့်၏။
     အထက်ပါ အဋ္ဌကထာလာ ဖော်ပြချက်များသည် ယုတ္တိဗေဒ ရှုထောင့်သက်သက်ကကြည့်လျှင် မဖြစ်နိုင်ပါ။ ယုံကြည်စရာ မရှိပါ။ ထို့ကြောင့် မေးခွန်းရှင်သိလိုသော အရပ်တော်အစစ်အမှန် ဆိုသည်ကို မဖြေနိုင်ပါ။ ကျမ်းဂန်တွင် ဤသို့ လာရှိသည်ဟုသာ ပြောနိုင်ပါသည်။ အကယ်၍ ဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူသေးလျှင်ပင် ဘုရားရှင်၏ အရပ်တော်ကို တိုင်းတာ၍ မည်၍မည်မျှရှိ၏-ဟု ပြောဆိုနိုင်ပါမည်လောဟု သံသယဖြစ်ဖွယ်ရှိ၏။
     မှန်၏။ ဘုရားရှင်လက်ထက်တော်ကလည်း မြတ်စွာဘုရားရှင်၏ အရပ်တော်ကို ဝါးဖြင့်တိုင်းတာသော ပုဏ္ဏားတစ်ယောက် ရှိခဲ့ဘူး၏။ ထိုအကြောင်းကို မဟာဗုဒ္ဓဝင် စတုတ္ထတွဲ (၅၅၈/၉)မှ ကူးယူ ဖော်ပြလိုပါသည်။
“အခါတစ်ပါး၌ ရာဇင်္ဂြိုဟ်ပြည်သာ မထင်ရှားသော ပုဏ္ဏားတစ်ယောက်သည် “ရဟန်းဂေါတမ၏ အတိုင်းအရှည် ပမာဏကို ယူခြင်းငှါ မစွမ်းနိုင်” ဟူ၍ သတင်းစကား ကြားရသည့်အတွက် မြတ်စွာဘုရားရှင် ရာဇင်္ဂြိုဟ်ပြည်တွင်းသို့ ဆွမ်းခံ ကြွတော်မူသောအခါ၌ အတောင်ခြောက်ဆယ်ရှိသော ဝါးလုံးတစ်ခုကို ယူဆောင်၍ မြို့တံခါး၏ အပြင်ပ၌ ရပ်တည်ပြီးလျှင် မြတ်စွာဘုရား မြို့တံခါးအနီးသို့ ရောက်ရှိတော်မူလာသောအခါ ဝါးကို စွဲကိုင်၍ ရပ်တည်လာလေ၏။ ပုဏ္ဏား၏ ဝါးသည် မြတ်စွာဘုရားရှင်၏ ပုဆစ်ဒူးတော်မျှလောက်သာ ရောက်ရှိလေသည်။
     နောက်တနေ့၌ ပုဏ္ဏားသည် အတောင်ခြောက်ဆယ်ရှိသော ဝါးလုံးနှစ်လုံးတို့ကို ဆက်၍ ရှေးနည်းအတူပင် အနီး၌ ရပ်တည် လာပြန်လေသည်။ မြတ်စွာဘုရားရှင်သည်လည်း ဝါးနှစ်ဆက်တို့၏ အထက်၌ ခါးတော်မျှလောက်ကိုသာ ထင်ရမြင်ရလျက် ထိုးပုဏ္ဏားကို “ပုဏ္ဏား၊ သင်သည် အဘယ်အမှုကို ပြုသနည်း”ဟု မေးတော်မူလေလျှင် ပုဏ္ဏားသည် “အရှင်ဘုရားတို့၏ အတိုင်းအရှည် ပမာဏကို ယူနေပါသည်”ဟု ဖြေကြားလေ၏။
ထိုအခါ မြတ်စွာဘုရားရှင်သည် ပုဏ္ဏားကို …
“ ပုဏ္ဏား…. သင်သည် အကယ်၍ပင် စကြဝဠာတိုက်အပြည့် တည်ရှိသော ဝါးတို့ကို ဆက်စပ်၍ လာစေကာမူ ငါဘုရား၏ အတိုင်းအရှည် ပမာဏကို ယူခြင်းငှါ စွမ်းနိုင်လိမ့်မည် မဟုတ်၊ မှန်၏၊ ငါဘုရားသည် လေးအသင်္ချေ ကမ္ဘာတစ်သိန်းကြာ ကာလပတ်လုံး သူတစ်ပါးက ငါဘုရား၏ အတိုင်းအရှည် ပမာဏကို ယူနိုင်လောက်အောင် ပါရမီတော်တို့ကို ဖြည့်ကျင့်ခဲ့သည်မဟုတ်။ (ပမာဏကို မယူနိုင်လောက်အောင်ပင် ပါရမီတော်တို့ကို ဖြည့်ကျင့်ခဲ့ပေသည်ဟု ဆိုလိုသည်။) ပုဏ္ဏား.. မြတ်စွာဘုရားသည် အတုမရှိသောပုဂ္ဂိုလ်၊ မနှိုင်းယှဉ်အပ်သောပုဂ္ဂိုလ်သာ ဖြစ်ပေ၏”ဟု မိန့်တော်မူပြီးလျှင် ဓမ္မပဒကျမ်းလာ ဤဆိုလတ္တံ့သော ဂါထာကို ဟောတော်မူ၏။….
တေ တာဒိသေ ပူဇယတော၊
နိဗ္ဗုတေ အကုတော ဘယေ။
န သက္ကာ ပုညံ သင်္ခါတုံ၊
ဣမေတ္ထမပိ ကေနစိ။
     နိဗ္ဗုတေ-ကိလေသာဟူသော အပူခပ်သိမ်း အေးငြိမ်းတော်မူကုန် ပြီးသော၊ အကုတောဘယေ- ဘဝအာရုံ တစ်စုံတစ်ခုကြောင့်မျှ ကြောင့်ကြပူဆွေး ဘေးမရှိကုန်ထသော၊ တာဒိသေ-ထိုသို့ရှုအပ် မြတ်သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူကုန်ထသော၊ တေ-ထိုဘုရား ပစ္စေကဗုဒ္ဓါ အရိယာသူမြတ်တို့ကို၊ ပူဇယတော- သဒ္ဓါကော်ရော် ပူဇော်သောသူ၏၊ ပုညံ-ကုသိုလ်ကောင်းမှုကို ၊ ဣမေတ္ထံ- “ဤကောင်းမှုကား ဤမျှအကျိုးရှိ၏၊ ဤကောင်းမှုကား ဤမျှအကျိုးရှိ၏”ဟူ၍၊ ကေနစိ အပိ- ဗြဟ္မာနတ်လူ သုံးဘုံသူတွင် တစ်လူတစ်ယောက်မျှသော်လည်း၊ သင်္ခါတုံ-အတိအကျ ရေတွက်၍ ပြခြင်းငှါ၊ န သက္ကာ- မတတ်နိုင်သည်သာတည်း။
     ဂါထာနိဂုံး ဆုံးသောအခါ၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့သည် သောတာပန်အရိယာ စသည်ဖြစ်ကြကာ နိဗ္ဗာန်တည်း ဟူသော အမြိုက်ရည်ကို ချမ်းကြည်စွာ သောက်သုံးကြလေကုန် သတည်း။ (ဒီ၊ဋ္ဌ၊၁၊ ၂၅၄) 
     အဋ္ဌကထာတွင် ယူဇနာပေါင်း ၄၈၀၀-အရပ်မြင့်သော ရာဟုအသူရိန်ကြီးပင် မြတ်စွာဘုရားကို မော့ကြည့်ရကြောင်း ဆက်လက်ပြဆိုထား၏။ ဗုဒ္ဓဝိသယော အစိန္တေယျော-ဟူသည့်အတိုင်း ဘုရားအရာ မကြံသာသမို့ မကြံစည်ဘဲနေတာ ကောင်းမည်ထင်ပါသည်။ မိမိတို့၏ ဗုဒ္ဓဝါဒတွင် ဘုရားရှင်မှန်သမျှသည် လူသားဘုရားချည်း ဖြစ်၏။ ဂေါတမဗုဒ္ဓသည်လည်း လူသားမှ ဘုရားဖြစ်လာသူ ဖြစ်၏။ လူသားဆိုသော်လည်း သာမာန်လူသား မဟုတ်၊ ပါရမီပြည့်ဝပြီးဖြစ်သော ဥတ္တရိမနုဿ- ဥတ္တမပုရိသ မဟာလူသား ဖြစ်၏။ အစ္ဆရိယမနုဿ= အံ့ဖွယ်လူသားလည်း ဖြစ်၏။
သူနှင့်ပတ်သက်၍ အံ့သြဖွယ်ချည်း ဖြစ်၏။ သူ့ဘဝတစ်ခုလုံးသည် အံ့ဖွယ်အတိ ပြီး၏။ ထို့ကြောင့် ဘုရားရှင်နှင့် ပတ်သက်သော ဖြစ်ရပ်တော်များသည် မျက်မြင်ကိုယ်တွေ့နှင့် မကိုက်ညီမှုများ၊ ဆင်ခြင်ဉာဏ်နှင့် မညီညွတ်မှုများ ရှိနိုင်၏။
ထိုအရာမျိုးနှင့် ပတ်သက်လျှင် ဂျိန်းတို့၏ဒဿနလာ ပမာဏသုံးမျိုးသည် နှစ်သက်ဖွယ်ကောင်း၏။ သူတို့သည် အယူအဆတစ်ရပ်ကို တစ်ခါတစ်ရံ ပစ္စက္ခ ပမာဏ-ဟူသော မျက်မြင်ကိုယ်တွေ့၊ အနုမာန ပမာဏ-ဟူသော ယုတ္တိဗေဒနှင့် မကိုက်ညီသော်လည်း သဒ္ဒပမာဏ-ဟူသော ယုံကြည်စိတ်ချရသော ပညာရှင်တို့၏ ကျမ်းဂန်ပမာဏနှင့် ကိုက်ညီသောအခါ လက်ခံကြ၏။ သာမန်ကျောင်းသားများအဖို့ ကမ္ဘာကြီးသည် အလုံးဖြစ်၏-ဟု လက်ခံကြခြင်းမှာ သဒ္ဒပမာဏသက်သက် (ကျမ်းစာကပြော၍ လက်ခံခြင်းမျှ )သာ ဖြစ်သကဲ့သို့တည်း။


                                         အရှင်ကောဝိဒ (ယော)

No comments:

Post a Comment