ဗုဒ္ဓဘာသာဝင် (၅)မျိုးထဲမှ မိမိသည် မည့်သည်ဗုဒ္ဓဘာသာဝင် ဖြစ်သနည်း .... သိပါသလား....
ကျွန်တော်တို့ဘုရားသည် သစ္စာလေးပါးကိုကိုယ်ပိုင် ဉာဏ်ဖြင့်သိမြင်ကာ သဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့ ပါတယ်။ ဘုရားရှင်က မိမိကိုယ် တိုင်သိမြင်တော်မူသကဲ့သို့ သတ္တဝါတို့ကိုလည်း သိတော်မူစေရန် (၄၅)ဝါ ကာလပတ်လုံး တရားတော်များဟောကြားတော်မူခဲ့ပါတယ်။
ဘုရားရှင်ဟောကြားခဲ့သော သစ္စာတရားတော်များအတိုင်း နားထောင်နိုင်ပြီး လေးစားနိုင်ပြီး
(၁)သိရမယ့်သစ္စာကို သိအောင်ကြိုးစားတယ် (ဒုက္ခသစ္စာ)၊
(၂)ပွားရမယ့်သစ္စာကို ရအောင်ပွားများတယ် (မဂ္ဂသစ္စာ)၊
(၃)ပယ်ရမယ့်သစ္စာကို ပယ်ပြီးတော့ (သမုဒယသစ္စာ)၊
(၄)မျက်မှောက်ပြုရ မယ့်သစ္စာကို မျက်မှောက်ပြုနိုင်အောင်(နိရောဓသစ္စာ) ကြိုးစားအားထုတ်ကြရင် ဗုဒ္ဓဘာသာ၀င်စစ်စစ် ဖြစ်ပါလိမ့်မည်။
ဘုရားရှင်ရဲ့ဝါဒဟာ ဝိဘဇ္ဇဝါဒ ဖြစ်ပါတယ်။ မြန်မာလိုပြောရရင် ကိုယ်ပိုင်ဉာဏ်သုံးကာ ဝေဖန်ပိုင်း ခြားတဲ့ ဝါဒဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ ဝင်ငါးမျိုးရှိပါ တယ်။
(၁) ကုလ ဗုဒ္ဓဘာသာ (မိရိုးဖလာကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
(၂) လာဘ ဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
(၃) ဘယ ဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
အထက်ပါ သုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ (သဒ္ဓါတရားကိုအရင်းခံ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
၄င်းကို အလတ်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။
(၅) ပညာဓိကဗုဒ္ဓဘာသာ (ပညာဉာဏ်နှင့်ယှဉ်၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
၄င်းကို အထက်တန်းစားဗုဒ္ဓဘာသာ ဟုခေါ်ဆိုပါသည်။
ကုလ ဗုဒ္ဓဘာသာ
ကုလဗုဒ္ဓဘာသာဆိုသည်မှာ အဆွေအမျိုးကိုအကြောင်းပြု၍ ဗုဒ္ဓဘာသာဖြစ်ခြင်း(ရိုးရာဗုဒ္ဓဘာသာ) ဖြစ်ပါတယ်။ အမေ၊ အဖေက ဗုဒ္ဓဘာသာဖြစ်ခြင်းကြောင့် သား၊ သမီးကဗုဒ္ဓဘာသာဖြစ်ခြင်းပါ။
ဗုဒ္ဓဘာသာဆိုတာ ဘာပြောမှန်းမသိ၊ ဘုရားဂုဏ်တော် ဘယ်လောက်ရှိမှန်းမသိ၊ တရားဂုဏ်တော် ဘယ်လောက်ရှိမှန်းမသိ၊ သံဃာ့ဂုဏ်တော် ဘယ်လောက်ရှိမှန်းမသိ၊ မိမိကိုးကွယ်တဲ့ မြတ်စွာဘုရားက ဘာကိုသိပြီး ပွင့်လို့ ပွင့်မှန်းမသိ၊ ဘုရားက ဘာစကားပြောမှန်းလည်း မသိ၊ ဘုရား၏ ဝါဒသည် ဘာဝါဒမှန်းလည် မသိ ဖြစ်နေကြပါတယ်။ မိမိကိုယ်ကိုဗုဒ္ဓဘာသာလို့ ပြောနေသော်လည်း ဗုဒ္ဓက ဘာပြောမှန်း မသိတဲ့သူများလည်းရှိကြပါတယ်။ ဗုဒ္ဓက ဘာအယူဝါဒ ရှိတယ်ဆိုတာ မသိတဲ့သူလည်းရှိကြပါတယ်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာမျိုး ကို ကုလဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ ကုလဗုဒ္ဓဘာသာတွေရဲ့ စရိုက်က လက်အုပ်တော့ချီတတ်ကြပါတယ်။ လက်အုပ်ချီ တတ်တိုင်း ဗုဒ္ဓဘာသာဟု မသတ်မှတ်နိုင်ပါ။ တချို့က လက်အုပ်ချီရှိခိုးတတ်ရုံမျှနှင့် ဗုဒ္ဓဘာသာ ဟုဆိုကြပါတယ်။ ထို့အပြင်မိမိ ဆောက်တည် သောသီလကိုဘာပြောမှန်းမသိ ဖြစ်နေတတ်ပါတယ်။
ရှေးတုန်းက ကျောင်းဒကာနှင့်ကျောင်းအမရှိပါတယ်။ ကျောင်းဆောက်လှူဒါန်းလို့သာ ကျောင်းဒကာ၊ ကျောင်းအမ လို့ခေါ်တာပါ။ သီလ အကြောင်းကို ဘာတစ်ခုမှ နားမလည်ပါဘူး။ တနေ့ကျတော့ ကျောင်းအမက ဘုန်းကြီးကို အသားဟင်းကပ်ချင်တယ်ဆိုပြီး ငါးရောင်းတဲ့ ဈေးတန်းထဲကို ရောက်သွားပါတယ်။ ငါးရောင်းတဲ့သူကို ငါးတစ်ကောင် ဘယ်လောက်လဲ မေးပါတယ်။ ငါးတစ်ကောင် တမတ်ဆိုတော့ ကျောင်းအမက ဝယ်မယ်လို့ပြောလိုက်ပါတယ်။ ချက်ချင်းဘဲ ဈေးသည်က ငါးအရှင် တစ်ကောင်ကို ယူပြီး သံပိဿာလေးနဲ့ ထုသတ်လိုက်ပါတယ်။
ဒါနဲ့ ကျောင်းအမက ငါးအရှင်ကို သတ်တာဖြစ်လို့ မိမိကြောင့် သေရတယ်ဟုဆိုကာ ငါးကို မယူ တော့ဘဲ ပိုက်ဆံပေးပြီး အိမ်ပြန်လာပါတော့တယ်။ အိမ်ရောက်တော့ “သူတို့မလို့ အာဒိန္နာဒါနကံကို မကြောက်တာ” ဟု ကျောင်းဒကာ ကိုပြောပါတယ်။ ကျောင်းဒကာက “သူများအသက် သတ်တာဟာ ကာမေသုမိစ္ဆာစာရကံပါ”ဟု ပြန်ပြောပြပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သားငြင်းနေရာမှ ကျောင်းဘုန်း ကြီးထံ ရောက်သွားကြပါတယ်။ ကျောင်းဘုန်းကြီးထံလျှောက်တော့ ကျောင်းဘုန်းကြီးက “ငါးကို သံပိဿာလေးနဲ့ထုပြီးသတ်တာနဲ့ ထုပြီးတဲ့ အချိန်မှာ ငါးကလေးက ဖလပ်၊ ဖလပ် ဆိုပြီး သေတဲ့အတွက် သမ္ပပ္ပလာပဝါစာကံ” ဟု မိန့်ကြားပါတယ်။
ထိုသို့ဗုဒ္ဓဘာသာက ကုလဗုဒ္ဓဘာသာမျိုးဖြစ်ပါတယ်။
ဥပုသ်ဆောက်တည်တော့မည်နေ့ဆိုလျှင် ဟင်းကောင်းချက် တတ်ကြပါတယ်။ ညစာမစားရ တော့ဘူးဆိုပြီး အားရပါးရ စားသောက်တက်ကြပါတယ်။ (လူတိုင်းတော့မဟုတ်ပါဘူး)။
ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှလာပါ တယ်။
(ဥပ + ဝသထ)၊ ဥပ- ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ဝသထ- နေထိုင်ခြင်း။ အကျင့် ကောင်းများနှင့် ပြည့်စုံစွာနေထိုင်သူကို “ဥပုသ်သည်” လို့ခေါ်ပါတယ်။ မိမိဆောက်တည်သော သီလကိုလည်းလုံခြုံအောင် မစောင့်ထိန်းနိုင်ကြပါဘူး။ မိမိတို့ရဲ့ဘာသာ တရားကိုလည်း မိမိကိုယ် တိုင် သေချာမသိဘူးဆိုရင် ကုလဗုဒ္ဓဘာသာဖြစ်ပါတယ်။
ကုလဗုဒ္ဓဘာသာတွေမှာလွှမ်းမိုးနေတာက မောဟ (တွေဝေမှု)စရိုက် ဖြစ်ပါတယ်။ ကုလဗုဒ္ဓဘာသာ တွေဟာ သီလ၊ ဒါန စတဲ့ ကုသိုလ် အလုပ်တွေမှာလည်း အလေးနက်ထားဆောင်ရွတ်မှု မရှိကြပါဘူး။မိမိတို့ လုပ်ဆောင်နေတာတွေဟာ မှန်သယောင်နဲ့ မှားနေတာ လည်းရှိတက် ကြပါတယ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဘုရားရှင်၏ဝါဒ အတိုင်းကိုယ်ပိုင်ဉာဏ်နှင့် ဝေဖန်သုံးသပ် ဆင်ခြင်ကာ တရားအသိ၊ ပညာတိုးပွားအောင် လေ့လာသင်ယူ နာကြားသင့်ပေသည်။
မိမိကိုယ်ပိုင်ဉာဏ်နှင့် ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာ၀င် သူတော်စင်များဖြစ်ကြရအောင် ကြိုးစားအားထုတ် သင့်ပါပြီ။
မိမိသည် တနေ့ကုန်ရင် သေမင်းက မိမိအချိန်ထဲမှ တနေ့ကို နှုတ်ယူသွားပြီဟူသော အသိတရား ရရှိကာ စစ်မှန်သော၊ တရားတော်ကို ကိုယ်တိုင်လေ့လာကျင့်ကြံ အားထုတ်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါတယ်။
လာဘဗုဒ္ဓဘာသာ
ကျွန်တော်တို့မှာ ဗုဒ္ဓဘာသာ၀င်ဖြစ်သည့်အလျောက် ကျွန်တော်တို့ကိုးကွယ်နေသော ဗုဒ္ဓဘာသာ ဘုရားရှင်က သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင် သိမြင်ပြီးပွင့်ထွန်း လာရသည်ကို သိရန် လိုအပ်ပါလိမ့်မည်။
ဘုရားဖြစ်ပြီးနောက် မိဂဒါဝုန်တော်၌ ပဉ္စ၀ဂ္ဂီငါးပါးကို သစ္စာတရားတော် ဟောကြားခဲ့ပါတယ်။ ဘုရားရှင်၏ တရားဓမ္မကို စတင်ဟောကြားတဲ့ တရားဖြစ်တာကြောင့် ဓမ္မစင်္ကြာတရားလို့ သိလာကြပါတယ်။
ဗုဒ္ဓရဲ့တရား တော်များကို အနှစ်ချုပ်လိုက်ရင်(၃)မျိုးသာကျန်ပါတယ်။
(၁) မကောင်းမှု မှန်သမျှကို မပြုနဲ့၊ မလုပ်နဲ့ရှောင်။
(၂) ကောင်းမှု မှန်သမျှလုပ်၊ ပြည့်စုံအောင်လုပ်။
(၃) မိမိစိတ်ကို ဖြူစင်အောင်၊ သန့်ရှင်းအောင်၊ စင်ကြယ်အောင်လုပ်။
ပိုပြီးပြည့်စုံအောင်ပြောရရင် စိတ်ဖြူစင်အောင်လုပ်နည်းတွေမှာ သမထနည်းနဲ့ ဝိပဿနာနည်း (၂)နည်း ရှိပါမယ်။ အပေါ်ကအချက်တွေလောက်ကတော့ ခရစ်ယာန်မှာလဲ ညွှန်ကြားပါတယ်။
ဗုဒ္ဓဘာသာရဲ့လိုရင်း အနှစ်ချုပ်မှာတော့ ကိလေသာကို အမြစ်ပြုတ်အောင် ပယ်သတ်ရမယ်လို့ မှတ်ယူကြရ ပါမယ်။ ကိလေသာဆိုတာကတော့ ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင် ဆင်းရဲအောင် နှိပ်စက်တတ်တဲ့တရားတွေပဲ ဖြစ်ပါတယ်။ ကိလေသာရှိနေသမျှ သံသရာက မလွတ်ဘဲ တဝဲလည်လည်ကျင်လည်ပြီး သေပြီးရင်း သေနေရဦးမှာဖြစ်လို့ ကိလေသာကိုလည်း သတ်တတ်တဲ့ “မာရ်”လို့ခေါ်ပါတယ်။
ကိလေသာ အကျဉ်း(၁၀)ပါးရှိပါတယ်။ အမျိုးအစားအားဖြင့် (၃)မျိုးရှိပါတယ်။
(၁) ဝိတိက္ကမ ကိလေသာ- အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် လောဘ၊ ဒေါသ အလျောက်ဖောက်ပြန်ကျူးလွန်စေတတ်မှု။ (သီလစောင့်ထိန်းခြင်းဖြင့်တားဆီရန်)။
(၂) ပရိယုဌာန ကိလေသာ- မနော ဒွါရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ။ (သမထ ဘာ၀နာ ကျင့်ကြံခြင်းဖြင့် တားဆီးရန်)။
(၃) အနုသယ ကိလေသာ- သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ။ (ဝိပဿနာ ဘာဝနာ အားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)။
ဒီအချက်က ဗုဒ္ဓဘာသာမှာပဲရှိတာဖြစ်ပါတယ်။ စိတ်လုံးဝ ဖြူသွားအောင် ဝိပဿနာလုပ်ရမယ် ဆိုတာမှ ဗုဒ္ဓဘာသာရဲ့လိုရင်းဖြစ်မယ်။
ဤမျှလောက်သတ္တဝါတွေ သံသရာ ၀ဋ်ဆင်းရဲဘေး၊ ကိလေသာဘေး၊ အပယ်ဘေးတို့မှ လွတ် မြောက်အောင်သစ္စာတရားများ ဟောကြားခဲ့သော ဗုဒ္ဓဘုရားရှင်ကို လာဘ်လာဘ ပေါများ အောင်အတွက် ကိုးကွယ်နေကြသော သူများကို လာဘဗုဒ္ဓဘာသာ ဟုခေါ်ပါတယ်။
ဗုဒ္ဓဘုရားရှင်ကို အမှန်တကယ်ကြည်ညိုသောစိတ် မဟုတ်ဘဲ မိမိတို့အလုပ်အဆင်ပြေအောင်၊ မိမိတို့ လာဘ် ပေါများအောင် ဘုရားရှင်ကိုသာ ကိုးကွယ်မှု မဟုတ်တော့ဘဲ ဘိုးတော်၊ မယ်တော်၊ ဓာတ်တွေ၊ နတ်တွေကိုပါ ကိုးကွယ်နေတတ်ကြပါတယ်။ ဥုံ၊ သြောင်းတွေ ထဲ့ရွတ်ကာ ဘုရားရှိခိုး နေတတ်ကြပါတယ်။ ထိုသူများဟာ ဘုရားရှင်ကို မလေးစားသိလိုပင်ဖြစ်နေပါတယ်။ ဘုရားကိုလည်း အမျိုးမျိုးနာမည် တွေပေးကာ လူတွေအကြိုက် လိုက်လုပ်နေကြတာတွေလည်း ရှိပါတယ်။ လာဘမုနိဘုရားဆိုတော့ လာဘ်ပေါများအောင်ဟုဆိုကာ ရွေးပြီးကိုးကွယ် ကြပါတယ်။ ထိုသို့ဆိုလျှင် ထိုဘုရားကိုမကိုး ကွယ်ဘဲ ချမ်းသာနေကြသော ခရစ်ယာန်၊ မူဆလင်များရှိပါတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က အို၊ နာ၊ သေ ဆင်းရဲအပေါင်းမှ လွတ်မြောက်အောင် တရားဟော ကြားခဲ့တာပါ။ လာဘ်များအောင် ကယ်တင်မှာလည်းမဟုတ်ပါဘူး။ ထိုအကြောင်းကိုမှမသိဘဲ ဘုရားကို ယတြာချေတာ၊ မိမိအကျိုးကိုလိုလားပြီး ဘုရားကိုလှူတာမျိုးကို လာဘဗုဒ္ဓဘာသာတွေ လုပ်ကြပါတယ်။ အတုအ ယောင်တွေကြားမှာ သာသနာတော်က မှေးမှိန်လာရပါတယ်။ ကြာကြာစံရအောင်ဆိုပြီး ကြာဇံ လှူကြပါတယ်၊ အကြံအစည်ကောင်းအောင် “ကြံ” လှူပါတယ်။ ပေါက်ပေါက်မြောက် မြောက်ရှိအောင် ပေါက်ပေါက် ဆုပ်လှူကြပါတယ်။ “ထော”အောင်ဆိုပြီး ထောပတ်သီး လှူကြပါတယ်၊ ဘုရားကိုလှူတော့ အလုံးလိုက်လှူတယ်။ မိမိစားတော့ သကြား၊ နို့ဆီနဲ့ပေါက်စားကြပါတယ်။ (ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား ဆိုတာ စာဖတ်သူများပင် စဉ်းစားကြည့်ကြပါ)။ ထို့အပြင် ကိုးကွယ်မှု မပြုလုပ်အပ်တာများကိုပါ လုပ်ဆောင်လာကြပါတယ်။
တဆက်တည်း သူရဿတီဆိုသော ရုပ်ထုအကြောင်း အနည်းငယ်ပြောလိုပါတယ်။ အိန္ဒိယနိုင်ငံမှာ သူရဿတီ အမည်ရှိသော မြစ်ကလေး တစ်စင်းရှိတယ်။ နွေအခါမှာ သောင်များပေါ်သောအခါ ထိုသောင်များပေါ်တွင် ကုလားများက သီးပင်စားပင်များစိုက်ကြရာ အလွန်ဖြစ်ထွန်းတယ်။ ဒါလောက် ဖြစ်ထွန်းရင် ဒီမြစ်ကို စောင့်တဲ့ နတ်က 'မ'တာဖြစ်မယ်ဟူသော စိတ်ကူးယဉ်အတွေး ပေါ်လာကြပါတယ်။ သာယာညင်းပျောင်းစွာ စီးဆင်းသော မြစ်ရေကိုကြည့်၍ နတ်သမီးသာ ဖြစ်ရမည်ဟု ဆုံးဖြတ်ကြကာ မြစ်ကမ်းနားတွင် နတ်သမီးရုပ် တစ်ရုပ်ထုလုပ်ပြီး ကိုးကွယ် ကြပါတယ်။
နောက်တဖြည်းဖြည်း နယ်ကျယ်လာရာမှ ဗေဒင် သုံးပုံကို သူရဿတီလက်ထဲ ထည့်ပေးလိုက် သောအခါ သူရဿတီသည် ဟိန္ဒူဘာသာ၀င်အားလုံးတို့၏ အထွတ်အမြတ်ထားရာ နတ်သမီး အဖြစ်သို့ ရောက်သွား ပါတယ်။
ထိုမှတဆင့် မြန်မာနိုင်ငံသို့ ၀င်လာသောအခါ ဘာသာရေးလုပ်ကြံလိုသူ တစ်စုကဗေဒင်သုံးပုံ စောင့်တာဆိုလျှင်ဗုဒ္ဓဘာသာ၀င်များက အလေးထား ကိုးကွယ်ကြမည်မဟုတ်။ ထို့ကြောင့် ဗုဒ္ဓဘာသာ၀င်များက အလေးထား ကိုးကွယ်ကြစေရန် ဗေဒင်သုံးပုံအစား ပိဋကတ်သုံးပုံ စောင့်သည်ဟုဆိုကာ သူရဿတီလက်ထဲသို့ ဗုဒ္ဓ၏ တရားရတနာ ပိဋကတ်သုံးပုံကို ထည့်ပေး လိုက်ပါတော့တယ်။
အမှန်တကယ်မှာ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် တရားတော်များကို သံဃာတော်များက ပထမသင်ဂါယနာမှ ဆဋ္ဌမသင်ဂါယနာတိုင်အောင် ဆင်းရဲမျိုးစုံကြားမှ မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့ကြရပါတယ်။ ယခုလည်း စောင့်ရှောက်ထိန်းသိမ်းဆဲ နောင်လည်းစောင့်ရှောက် ထိန်းသိမ်း နေမည်သာဖြစ်တယ်။
ယခုတော့ အသက်အသေခံပြီး ပိဋကတ်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော်များ မျက်နှာကိုမျှ မထောက်ဘဲ ပိဋကတ်သုံးပုံကို သူရဿတီစောင့်သည်ဆိုကာ ကုလားမရုပ်ကို ဘုရား ရုပ်ပွားတော်နားမှာ လာထားကြပါတယ်။
ဆရာတော်များမှ ယနေ့တိုင် ဟောကြားဆုံးမနေသော်လည်း လိုက်ပါမလုပ် ဆောင်မှုများရှိကြ ပါတယ်။ နှောင်းလူ တွေရဲ့စိတ်မှာ ကိုကွယ်းအားထားစရာလို့မှတ်ထင်သွားမှာကို စိုးရိမ်မိပါတယ်။ မိမိတို့ သိပြီးသောသူများမှ ထိုအယူမှားများကို ပြင်နိုင်ဖို့လည်းလိုအပ်ပါမယ်။
ဘုရားရှင်က စီးပွားရေးတက်ချင်ရင် ကံ၊ ဉာဏ်၊ ဝိရိယ သုံးပါးလုံးကို အားကိုးရမည် ဟုဆိုပါတယ်။ ထိုသို့ မသိကြရသည့်အတွက် ကိုးကွယ်၊ အားထားမှုတွေ လွဲမှားကာ သရဏဂုံ ညှိုးနွမ်းရပါတယ်။ အကယ်၍ နတ်ကိုကိုးကွယ်ပြီးသေပါက အန်ဖတ်စား ပြိတ္တာ ဖြစ်ရပါမယ်။ လာဘ်လာဘ လိုချင်တပ်မက်နေသော လာဘ ဗုဒ္ဓဘာသာများမှာ အခြားသောကိုးကွယ်မှုတွေများစွာ လုပ်တတ် ကြပါတယ်။
လာဘ ဗုဒ္ဓဘာသာတွေရဲ့စိတ်မှာ ခေါင်းဆောင်နေတာသည် တဏှာ(လိုချင်တပ်မက်မှု) ဖြစ်ပါတယ်။ တဏှာ နှင့်ပြုလုပ်သော ကုသိုလ်၊ အကုသိုလ်အလုပ်မှန်သမျှက ဆင်းရဲကြောင်းဘဲဖြစ်ပါတယ်။ တဏှာဦးဆောင်နေသ၍ သံသရာက မလွတ်မြောက်နိုင်ပါဘူး။
ဘုရားရှင်ပွင့်လာပြီး တရားဟောတာက အို၊ နာ၊ သေဆင်းရဲက လွတ်စေချင်လို့ပါ။ မိမိတို့လုပ်နေတာက ဆင်းရဲကြောင်းတွေသာ ဖြစ်နေမယ်ဆိုရင်တော့ ဘုရားကိုကျောခိုင်း နေသူပမာ ဖြစ်ပေတော့မည်။
ထို့အတွက်ကြောင့် ရခဲလှတဲ့လူ့ဘ၀၊ ကြုံရခဲတဲ့ ဘုရားသာသာနာကာလမှာ မိမိအသိအမြင်၊ ကိုးကွယ် ယုံကြည်မှု မမှားကြစေရန် ရေးသား၍ ဓမ္မဒါနပြုအပ်ပါတယ်။
ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုသည်မှာ ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာမျိုးဖြစ်ပါတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က ဘေးန္တရာယ်မှ လွတ်မြောက်အောင် ကယ်တင်နိုင် တာမဟုတ်ပါဘူး။ ဘုရားရှင် ဟောကြားခဲ့သော တရားတော်များသည်သာလျှင် အို၊ နာ၊ သေဘေး စတဲ့ဆင်းရဲအပေါင်းမှ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
ထို့ကြောင့် “အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော(ပေါက်ပန်းပွင့်စသော)ပန်းသည် ပန်ဆင်သူ အားလုံးအား အနံ့တည်းဟူသော အကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာ ဟောကြားတော်မူအပ်သော တရားတော်သည် မလိုက်နာ၊ မကျင့်ကြံသူအား အကျိုးကို မဆောင်နိုင်”ဟူ၍ ဓမ္မပဒ မှာရေးဖွဲ့ထားပါတယ်။
ဘုရားရှင်ကို မိမိတို့အတွက် ကျရောက်လာမည်ထင်သော လောကီ ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ရာ အတွက်သာ ကိုးကွယ်မည် ဆိုပါက ဘယ ဗုဒ္ဓဘာသာပင် ဖြစ်ပါလိမ့်မည်။ အဆင်မပြေမှုတွေများသောအခါမှာ မိမိတို့အတွက် ကယ်တင်ပေးနိုင်မည်ထင်၍ အခြားသော ကိုးကွယ်မှုတွေကို ပို၍ပင် လုပ်ဆောင်နေကြတာရှိပါတယ်။ ဒါတွေဟာ မသိမှု(အဝိဇ္ဇာ)ကြောင့် ဖြစ်ပါတယ်။ ထိုသို့ အခြားအရာ တွေကို ယုံကြည်မှုပြုကြတဲ့အတွက်ကြောင့် သရဏဂုံညှိုးနွမ်း ရပါတယ်။ ပျက်ဆီးရပါတယ်။
ဘုရားရှင်ကဖြစ်လာသမျှအကျိုးတရားတို့သည် ပြုလုပ်ခဲ့သော အကြောင်းတရားကြောင့်သာ ဖြစ်တယ်ဆိုတာ ဟောကြားတော်မူခဲ့ပါတယ်။ အကြောင်းအကျိုးကို နားမလည်လျှင် ထိုအယူမှား များကို လုပ်ဆောင်နေကြမည် သာဖြစ်ပါတယ်။
စစ်မှန်သောဗုဒ္ဓဘာသာ၀င်ဆိုသည်မှာ ဘုရား တရားကို နားထောင်၊ လိုက်နာသောသူများကိုသာ ခေါ်ဆိုထိုက် ပါတယ်။ ထိုအကြောင်းကို မသိဘဲ ထင်ရာလုပ်နေကြတော့ ဒုက္ခရောက်ကြရတာပါ။ နတ်ပြည်၊ ဗြဟ္မာပြည် တို့သည်လည်း ဒုက္ခတိဘုံများပင်ဖြစ်ပါတယ်။
မိမိတို့လုပ်ဆောင်နေသော ဒါန၊ သီလ၊ ဘာ၀နာ ကုသိုလ်ကောင်းမှု အစုစုတို့သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ အမှန် နိဗ္ဗာန်ကိုသာ ရည်စူးထားရပါမယ်။ ဆုတောင်းတိုင်းပြည့်မည် မဟုတ်ပါ။ မိမိပြုလုပ်သော ကောင်းမှု၊ မကောင်းမှုသည်သာ မိမိအတွက် ကောင်းကျိုး၊ မကောင်းကျိုး ကိုပေးနေတာ ဖြစ်ပါတယ်။
သစ္စာစကားနှင့် ပြောရလျှင် သမုဒယ(ပယ်သတ်ရမည့်တရား)ကြောင့် ဒုက္ခ(ဆင်းရဲခြင်း) ဖြစ်ရတာပါ။ ထို့ကြောင့် အကြောင်းတရား သမုဒယကို မပြုလုပ်ဘဲ ပယ်သတ်ရပါမည်။ ထိုသို့သိနေပြီး လုပ်ဆောင်နေခြင်းသည်ပင် မဂ္ဂသစ္စာ(ပွားများရမည့်၊ ကျင့်ကြံရမည့်တရား)ကို ကျင့်နေခြင်းဖြစ်နေပါတယ်။
ယခုလို သာသနာတော်နှင့် ကြုံနေသောအချိန်၊ တရားတော်များကို နာကြား နားလည်နိုင်သော လူဘ၀ရနေတဲ့ အချိန်မှာမှ စစ်မှန်သော တရားနည်းလမ်းများအတိုင်း မလိုက်နာနိုင်လျှင် လူဖြစ် ရကျိုး နပ်မည်မဟုတ်ပါ။ မိမိလုပ်ဆောင်နေတာသည် ဘာတွေဖြစ်နေလဲဆိုတာသိဖို့တော့လို အပ်ပါလိမ့်မယ်။ မိမိတို့အခက်ခဲဖြစ်လာပြီဆိုလျှင် ဗေဒင်မေး၊ နတ်တွေမေးကာ ယတြာချေတတ် ကြပါတယ်။ ဒီပညာတွေမှာ လွဲမှားနိုင်တဲ့ အချက်(၂)ချက်ရှိပါတယ်။
(က) ဟောသူက မကျွမ်းကျင်လို့ဖြစ်စေ၊ ရွှီးနေလို့ဖြစ်စေ၊ ကျက်မှတ်ထားတာ၊ တွက်ချက်တာတွေ၊ ဆုံးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါတယ်။
(ခ) နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက်တွေကြောင့်လဲ လွဲနိုင်ပါတယ်။
ဖြစ်ပုံကတော့ ကိုယ်ဟောနေတာ ဆုံးဖြတ်တာမှန်ရဲ့သားနဲ့ လာမေးသူက မမှန်သလို အမူအရာ ပြတာကြောင့် ပုထုဇဉ်ဗေဒင်ဆရာလဲ စိုးရွံ့ပြီး မှန်နေရာကနေ အမှားတွေ ဟောမိတတ်တယ်။ ဒါအပြင့် အားလုံးမှန်နေပေမယ့် လာမေးသူက ကောင်းမှုတွေလုပ်ပြီး မကောင်းကံတွေကို တားနိုင် တာကြောင့်လဲ မှားသွားတတ်ပါတယ်။
ဘုရားရှင်ရှိစဉ်ကပဲ ပုဏ္ဏားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို တွက်ကြည့်တော့မဝေးတော့တဲ့ တစ်ခုသော လပြည့်ညသန်းခေါင်မှာ သေမယ်လို့ အဖြေရပါတယ်။ သူ့မိန်းမကလဲ တွက်ကြည့် တော့လဲ ဒီလိုပဲ။ ဒီတော့ ဘုရားရှင်ကိုလာမေးပါတယ်။ ဘုရားရှင်ကလည်း သေမယ် လို့ပဲဟောပါ တယ်။ အဲဒီအခါ ပုဏ္ဏားလန့်ပြီး ငါသာ မျောက်ဖြစ်ရင်စားဖို့ ငှက်ပျောသီးပင်တွေစိုက်မယ်၊ ငှက်ဖြစ် ရင်နေဖို့ ညောင်ပင်စိုက်မယ်၊ ငါးဖြစ်ရင်နေဖို့ ရေကန်တူးမယ် စသဖြင့် အမျိုးမျိုး စဉ်းစားပြီး စိုက်ပျိုးလိုက်တာ အများကြီးပါပဲ။
နောက်တော့ လမ်းဖောက်တာတွေပါ ပါလာတယ်။ သူက ကုသိုလ်ရဖို့တော့ မဟုတ်ပါဘူး။ သူသေပြီး ဘာကောင် ပြန်ဖြစ်ဖြစ် နေရတာ အစဉ်ပြေအောင် လုပ်တာပါပဲ၊ ဒါပေမယ့် သူစိုက်ပျိုးထားတာတွေ ကြီးလာတော့ မျောက်တွေ၊ ငှက်တွေ၊ ငါးတွေ စသည်ဖြင့် စားကြ၊ သောက်ကြ၊ နေကြ၊ နားကြ ဖြစ်နေပါတယ်။
အဲဒီညမှာတော့ သူက အားလုံးကို နှုတ်ဆက်ပြီး အိပ်ယာပေါ်မှာ သေမယ့်အချိန်ကို စောင့်နေပါတယ်။ အာရုဏ်တက်ချိန်အထိလဲ မသေရော၊ သူ့ကို စိတ်ဆင်းရဲအောင် လုပ်ရမလားလို့ ဘုရားရှင်ကို စိတ်ဆိုးပြီး ရန်တွေ့ဖို့ ထွက်လာပါတယ်။ ဘုရားရှင်က ဟောအပြီးနောက်ပိုင်း ဘာတွေလုပ်လဲဆိုတာ မေးပြီး ဒါတွေဟာ အသက်ရှည်ရာကောင်းမှုတွေ ဖြစ်ကြောင်း ဟောပါတယ်။ ဒီတော့ သာမာန်ဗေဒင်လို သက်သက်မှာ မမှန်နိုင်ဘူးဆိုတာ သိသာပါတယ်။ ကံ နဲ့ ကံ ရဲ့အကျိုးကို ယုံရပါမယ်။ ဒီလိုမဟုတ်ဘဲ ဂြိုလ်စီး၊ ဂြိုလ်နင်း၊ နက္ခတ်၊ ရာသီ နဂါးခေါင်းလှည့်၊ လက်ဝါးမှ လမ်းကြောင်းများ ညွှန်ရာတွေကိုပဲ ယုံနေမယ်ဆိုရင် ကံ နဲ့ ကံ၏အကျိုးကို ပယ်ရာကျပြီး ကမ္မဿကတ သမာဒိဋ္ဌိ မဖြစ်တော့ဘဲ မိစ္ဆာဒိဋ္ဌိတောင် ဖြစ်သွားပါမယ်။
ထိုအကြောင်းတွေမသိဘဲ မိမိတို့ဘေးဖြစ်မှာ ကြောက်ပြီး ဘုရားမှာ ယတြာချေတဲ့ အနေနဲ့ ကိုးကွယ်နေတာ ကတော့ ဘယ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ ဘုရားဟောတဲ့ ပဋ္ဌာန်းတရား(၂၄ ပစ္စည်း) ကိုလည်း စည်းချတယ်ဆိုပြီး ရွတ်ဖတ်တာ ရှိကြပါတယ်။ စဉ်းစားကြည့်ရင် ဘုရားရဲ့တရားကို အစောင့်ချသလိုဖြစ်နေပါတယ်။ မလုပ်သင့်ပါဘူး။ အသက်ငယ်စဉ်အခါထဲက အမှတ်မမှား ကြရအောင် သတိရှိကြရပါမယ်။ အမှတ်မှား၊ အသိမှား၊ အယူမှားပြီး သံသရာကလွတ်နိုင်မှာ မဟုတ်တော့ပါ။ ထို့ကြောင့် မိမိတို့ဘေးကိုကြောက်လို့၊ လာဘ်လိုချင်လို့၊ မိရိုးဖလာအရ စသည်ဖြင့် မကိုးကွယ်ကြပါရန် သတိပေး ရေးသားအပ်ပါတယ်။
ထိုသို့ဖြစ်နေပါကလည်း စိတ်ဓာတ်ကျစရာ မလိုပါဘူး။ “ပညာဟူသည် အိုသည်မရှိ”တဲ့။ မိမိတို့သိရှိပြီးတာနဲ့ ပြင်လိုက်ရင် အကောင်းဆုံးဖြစ်မှာပါ။ အသိတရား ကို လိုက်ကျင့်နိုင်မှသာ တရား၏အနှစ်သာရကို ခံစားရမှာ ဖြစ်ပါတယ်။
သဒ္ဓါကိုအဖော်ပြု၍ ဉာဏ်နှင့်ယှဉ်သော သူတော်ကောင်းများဖြစ်ကြပါစေ။
သဒ္ဒါဓိက ဗုဒ္ဓဘာသာ
ကျွန်တော်တို့တွေသည် ဘာသာ၀င်အရပြောရရင် ဗုဒ္ဓဘာသာ၀င်တွေဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာ၀င် ဖြစ်လာ ခဲ့ရင် ဘုရားသာသနာတော်နဲ့ ကြုံနေတဲ့ကာလမှာ ကမ္မဿကတ (ကံ၊ ကံ၏အကျိုးကို ယုံကြည်သော ဉာဏ်)နှင့် သစ္စာနုလောမိကဉာဏ်(သစ္စာသိတဲ့ဉာဏ်) ရအောင်ကြိုးစားနိုင်မှသာလျှင် အထက်တန်းစားဗုဒ္ဓဘာသာ၀င် ဖြစ်ပါမယ်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာ ဆိုသည်မှာ သဒ္ဓါတရားကိုအရင်းခံပြီး ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ ကိုးကွယ်ရာမှာ သဒ္ဓါတရားနှင့် ပညာဉာဏ် အတွဲညီ ရပါမယ်။ သဒ္ဓါတရားလွန်ကဲ ပညာနည်းက အလွဲယုံကြည်မှု ဖြစ်တတ်ပါတယ်။
ပညာမပါတော့ အရာရာတိုင်းကို ယုံကြည်လွယ်ပါတယ်။ ဗုဒ္ဓဘာသာ ဘုရားရှင်၏ ဝါဒက ဝိဘဇ္ဇဝါဒ ဖြစ်ပါတယ်။ (ကိုယ်ပိုင်ဉာဏ်နှင့်ဝေဖန်ပိုင်းခြားရသည့်ဝါဒ ဖြစ်ပါတယ်)။ ယုံကြည်မှု လွန်ကဲပြီး ဘိုးတော်၊ ဘွားတော်၊ နတ်တွေကို ယုံကြည်မိရင် ဒိဋ္ဌိ ဖြစ်ပါမယ်။
မိမိကအမှားလုပ်နေရင်ထိုအမှားကို ပြင်နိုင်ရပါမယ်။ သိပြီးတော့ပြင်နိုင်တဲ့ပုဂ္ဂိုလ်ကို တိဟိတ်ပုဂ္ဂိုလ်ဟု ခေါ်ပါတယ်။ တိဟိတ်ဆိုတာက အမောဟ(ပညာ) ပြဋ္ဌာန်းပါတယ်။ တိဟိတ် ပုဂ္ဂိုလ်က ဒီဘ၀မှာဘဲ တရား ရနိုင်ပါ တယ်။ မိမိသည် တိဟိတ်လား၊ ဒွိဟိတ်လားဆိုတာ ကိုယ့် ကိုကိုယ်ပြန်ပြီး မေးကြည့်ရင် သိနိုင်ပါတယ်။
ဘုရားရှင်လက်ထက်တော်တုန်းက သူငယ်ချင်းနှစ်ယောက် ရှိပါတယ်။ တစ်ယောက်က နွားလို ကျင့်တယ်၊ နောက်တစ်ယောက်က ခွေးလို ကျင့်ကြံကြတယ်။ ထိုအကျင့်တွေဟာ တရားမရနိုင်ပါဘူး။ သူတို့တွေကျင့်တာ နှစ်ပေါင်း(၃၃)နှစ် ကြာလာသော်လည်း ဘာတရားမှမရကြဘူး။ သူတို့ဆရာကြီးတွေပြောသလို တစ်ခုမှ
ဖြစ်မလာတော့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး ဘုရားထံလျှောက်ကြားပါတယ်။
ဘုရားက နွားလိုကျင့်ပြီးသေရင် နွားဖြစ်မယ်။ နွားလိုကျင့်တာက ပစ္စုပ္ပန်မှာလည်း စီးပွားတက်မယ်၊ သံသရာ မှလည်း လွတ်မြောက်မယ် ဆိုတဲ့အယူကို မစွန့်ဘဲနဲ့ဆိုရင် နွားဘ၀ကသေရင် အဝီဇိငရဲ ကျမယ်လို့ ဟောတော်မူ ခဲ့ပါတယ်။
ထို့ကြောင့် ပညာမွဲတော့ လွဲတက်ပါတယ်။ သဒ္ဓါနှင့် ပညာညှိနှိုင်းပြီးမှ ယုံကြည်ကြဖို့လိုပါတယ်။ သဒ္ဓါနောက်က ပညာပါရင် အဲဒီသဒ္ဓါတရားက နိဗ္ဗာန်ထိ ပို့ဆောင်နိုင်ပါတယ်။
ယခုလည်း မိမိယုံကြည်ချက်ကို ဘုရား၊ တရား၊ သံဃာ အပေါ်မှာသာ မထားဘဲ နတ်တွေအပေါ်မှာ လည်းထားရှိနေကြပါတယ်။ သေချာစဉ်းစာကြည့်ရင် (၃၇)မင်းနတ် အားလုံးဟာ အသေဆိုးနဲ့ သေခဲ့ကြတာပါ။ အစွဲကြီးပြီးတော့ ပြိဿာတွေ ဖြစ်နေတဲ့သူတွေဘဲဖြစ်ပါတယ်။ ဒါတွေကို ယုံကြည်နေမယ်ဦး ဆိုရင်တော့ မိမိဘယ်လိုဖြစ်မယ်ဆိုတာ မိမိကိုယ်တိုင်သိသင့်ပါပြီ။ နတ်နဲ့မင်္ဂလာဆောင်တယ်ဆိုတာက ရှိပါသေးတယ်။ အဲဒီ နတ်ကတော်အမျိုးသမီးမှာလည်း အမျိုးသားက ရှိပြီးသားပါ။ ဘယ်လိုဖြစ်မယ်ဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ ဒါတွေက အင်မတန်ကို မှားနေကြ တာတွေပါ။ ပြောမယ်ဆိုရင် ရေးလို့ပင်ကုန်မှာမဟုတ်တော့ပါဘူး။
ဒီလိုအယူမှားတွေ၊ အမွေဆိုးတွေကို နောက်ပိုင်းလူငယ်တွေမှာ မဖြစ်ကြရန် မိမိတို့က ပြောပြပေး နိုင်ရပါမယ်။ မိမိတို့ယုံကြည်မှုတွေရဲ့နောက်မှာ ပညာမပါတော့ အလွဲလွဲ၊ အမှားမှားတွေ ဖြစ်ကြ ရပါတယ်။
ကျွန်တော်ရေးသားထားသည်ကိုပင် မိမိဉာဏ်နှင့် ဆုံးဖြတ်ပြီးမှ ယုံပါ။
ကံနှင့် ကံ၏ အကျိုးပေးကို ယုံကြည်ရင် ဘိုးတော်တွေ၊ နတ်တွေကို ပူဇော်နေစရာမလိုတော့ပါဘူး။
ဘုရားကိုးဆူ ပူဇော်တာတွေလည်းရှိကြပါတယ်။ ဘုရားကို ပူဇော်တာဖြစ်လို့ ကုသိုလ်တော့ ဖြစ်ပါတယ််။ သို့ပေမယ့် မသန့်ရှင်းပါဘူး။ ဘုရားကိုးဆူ ပူဇော်တာဟာ ထေရဝါဒမှကျင့်စဉ် တစ်ရပ်လည်း မဟုတ်ပါဘူး။ ဘုရားကိုပဲ သန့်သန့်ရှင်းရှင်း ပူဇော်လိုက်ပါ။ ဘယ်ကစသလဲ ဆိုတော့။ ဝေသာလီပြည် ကပ်ဆိုက်တော့ ပြည်သူတွေက နတ်မင်းကြီးကိုးပါးက လုပ်ထား တာဆိုပြီး နတ်မင်းကြီးကိုးပါးကိုပူဇော်ဖို့အတွက် ဗလိနတ်စာပူဇော်ပွဲဆိုပြီး သတ္တဝါကိုးကောင်၊ ကိုးမျိုးနဲ့ပူဇော် ကြတာပါပဲ။
ဘုရားကိုး ဆူစင်မှာ မြတ်စွာဘုရားရှင်က အလယ်က၊ ဘေးမှာ ရဟန္တာအရှင်မြတ်များ။ ထပ်ပြီးတော့ ၀န်းရံထားတာက နတ်မင်းကြီးကိုးပါး။ ထပ်ပြီးပါပါသေးတယ်။ သူတို့ရဲ့ ကိုယ်စားလှယ် တော်များဖြစ်တဲ့ တိရိစ္ဆာန်ကိုးကောင်။ မြတ်စွာဘုရားရှင်ကို ရောနှောပြီး စင်တစ်ခုတည်းမှာ ဗြဟ္မဏတွေနဲ့ရောပြီး ကိုးကွယ်တာ မဖြစ်သင့်ပါဘူး။
ဘယ်ဘုရားလေးက ဘယ်မှာနေဆိုတာမျိုး စသဖြင့်ဘုရားကိုးဆူဆရာက ဘုရားဆရာလိုလို ဆရာလုပ်နေ ပါတယ်။ ရွတ်ဖတ်နေတာကလည်း ဘေးကင်းအောင်ကြီးပဲ။ ပုဏ္ဏားတွေရဲ့ လေသံနဲ့ပြောတာပါ။ ဒါတွေက ပညာမပါလို့ ဖြစ်နေရတာပါ။ ကိုးနဝင်းမိုးလင်းမှ သိမယ် ဆိုတာလည်း အတော်ကိုစွဲနေကြပါတယ်။ကိုးနဝင်းစိတ်တာကို မကောင်းဘူး၊ ကုသိုလ်မရဘူး ပြောတာမဟုတ်ပါဘူး။ နဝင်းတွေ၊ ဥုံ၊ သြောင်းတွေဆိုတာ ထေရဝါဒမှာ မရှိပါဘူး။ မြန်မာတွေက ကိုးဂဏန်းကို ကြိုက်တော့ လူ့အကြိုက် လိုက်လုပ်နေကြသလိုပါဘဲ။
ဗုဒ္ဓဂုဏ်တော်ကို တစ်ခေါက်ပဲရရ စိတ်ထဲမှာ သန့်သန့်လေးပွားလိုက်ပါ။ ဗုဒ္ဓနုဿတိဖြစ်အောင် ပွားများကြပါ။ မိမိနှစ်သက်တဲ့ ဂုဏ်တော်ကို အချိန်နေရာ မရွေးပွားများနိုင်ပါတယ်။ ပြဿဒါး၊ ရက်ရာဇာရွေးစရာမလိုပါဘူး။
ဘုရားရှင်က ပုဗ္ဗာဏှသုတ်မှာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသောနက္ခတ်၊ ကောင်းသောနိမိတ်များသာ ဖြစ်နေ မည့်အကြောင်း ရတနာ (၃)ပါးကို အခြေခံတိုင်တည် သစ္စာတရားကို ဖော်ကျူးဟော ကြားခဲ့ဖြစ်ပါတယ်။
ထို့ကြောင့်မိမိတို့ ရှိနှင့်ထားသော သဒ္ဓါတရားကို ပညာဉာဏ်နှင့် အတွဲညီစွာ ကိုးကွယ်၊ အားထုတ်နိုင်မှသာ ဗုဒ္ဓဘာသာ၀င် ဖြစ်ရကျိုးနပ်ပါလိမ့်မည်။
စာဖတ်သူများ အသိဉာဏ် ပညာတိုးပွားကာ၊ အကျင့်တရားလိုက်ပါ၍ နိဗ္ဗာန်သို့ မျက်မှောက် ပြုနိုင်ကြပါစေ။
ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာ ဆိုသည်မှာ ပညာဉာဏ်နှင့်ယှဉ်တွဲ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ အတက်တန်းစားဗုဒ္ဓဘာသာဖြစ်ပါတယ်။
ကျွန်တော်တို့ဘုရားသည် ဉာဏ်ပညာကို အဓိကအားထား၍ ပါရမီဖြည့်ကျင့်ခဲ့သောကြောင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ခဲ့ရပါတယ်။
ဘုရားရှင်ကလည်း “ဉာဏ်သာလျှင် အမိဉာဏ်သာလျှင်အဖ” ဟုဟောကြားတော်မူခဲ့ပါတယ်။
ပညာ ဆိုသည်မှာ မိမိပြုလုပ်သော အလုပ်တစ်ခုသည် မှား၊ မှန်ခွဲခြားကာ အမှန်ကိုပြုလုပ်နိုင်စွမ်းရှိသော ဉာဏ်ကိုခေါ်ရပါမည်။
လူဘ၀ရောက်လာလို့မှ မိမိက အဓိကနှင့် အဓိကမဟုတ်တာကို မခွဲခြားတတ်ပါက လူဖြစ်ကျိုးနပ်မည်မဟုတ်ပါ။ အရေးမကြီးတာကို အရေးတကြီးမလုပ်မိဖို့က အရေးကြီးပါတယ်။ ရှေ့ကရေးခဲ့သော အောက်တန်းစားဗုဒ္ဓ ဘာသာ၀င်များနှင့် သဒ္ဓါဓိက ဗုဒ္ဓဘာသာ၀င်တို့မှာ မိမိကိုယ်တိုင် ဘာဖြစ်လို့ဖြစ် နေမှန်းကိုပင် သိကြမှာ မဟုတ်ပါဘူး။
ဉာဏ်ကို ခွဲခြားလိုက်မည်ဆိုပါက သာသနာတွင်း ဉာဏ်နှင့် သာသာနာပ ဉာဏ် ဟုခွဲခြားသိရပါမယ်။
သာသနာပဉာဏ်ဆို သည်မှာ ကမ္မဿကတဉာဏ်(ကံနှင့် ကံ၏အကျိုးပေးကိုယုံကြည်သောဉာဏ်)၊ သာသနာတွင်းဉာဏ်ဆိုသည်မှာသစ္စာနုလောမိကဉာဏ်(သစ္စာလေးပါးကို ပိုင်းခြားထင်ထင်
သိမြင်သောဉာဏ်) ဖြစ်ပါတယ်။
သာသနာဆိုသည်မှာ ဘုရားရှင်က ခန္ဓာဉာဏ်ရောက်ကြဖို့၊ နိဗ္ဗာန် ရောက်နိုင်ကြဖို့၊ သစ္စာသိဖို့၊ ယဉ်ကျေးကြဖို့၊ လိမ္မာကြဖို့ဆုံးမ ဟောကြားခဲ့တဲ့ အဆုံးအမ တရားဟူသမျှကို ခေါ်ပါတယ်။
ဘုရားရှင်၏ အဆုံးအမတွေကို ရင်ထဲမှာကိန်းနေပြီးတော့ လောကဓံတရားတွေနဲ့ တွေ့ကြုံလာတဲ့အချိန်မှာ ဆင်ခြင်နိုင်အောင်ကြိုးစားတယ်၊ သိအောင်ကြိုးစားတယ်၊ သိပြီးရင်လည်း လက်တွေ့ကျင့်သုံးနေတဲ့ ပုဂ္ဂိုလ်သည် သာသနာတွင်း တရားကိန်းတယ်လို့ပြောရပါမယ်။
ဘုရားရှင်တော် ပေါ်လာမှသာ သစ္စာတရားတွေက သိခွင့်ရတာပါ။ သာမာန် ဒါန၊ သီလ၊ သမထ အလုပ်တွေက ဘုရားမပွင့်လည်း ပြုလုပ်ကြပါတယ်။
ဘုရားလောင်း ဝေသံသရာမင်းသည် ဆင်ဖြူတော်ကို လှူဒါန်းတော်မူခဲ့ပါတယ်။ အဲဒီအချိန်က သာသနာပကာလ ဖြစ်ပါတယ်။ ဘယ်သူကမှ လှူဖို့တိုက်တွန်းတာလည်း မဟုတ်ပါဘူး။ သားနဲ့သမီးကို ကျွန်အဖြစ်ခိုင်းဖို့ အလှူခံတော့လည်း လှူဒါန်းခဲ့ပါတယ်။ ထို့ကြောင့် ဘုရားမပွင့်သော်လည်း ရှိနေတဲ့တရားဖြစ်သောကြောင့် သာသနာပတရား ဖြစ်ပါတယ်။
ဒါန၊ သီလ၊ သမထ အလုပ်တွေကို ဘာသာ၀င်တိုင်းလုပ်ကြပါတယ်။ ဆေးရုံတွေ၊ မျက်မမြင်ကျောင်းတွေ ဆိုလည်း ခရစ်ယာန်တွေ စလုပ်ခဲ့တာတွေပါ။ သူတို့လုပ်နေတာတွေက သစ္စာသိပြီးလုပ်တာလည်းမဟုတ်ပါဘူး။ အကျိုးအကြောင်း နာလည်း၍ ခန္ဓာဉာဏ်ရောက် ဆင်ခြင်ပြီးလုပ်တာလည်း မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာမှသာ ထိုတရားတွေကို သိရတာပါ။ ထို့ကြောင့် မိမိကဒါနတွေလုပ် နေသော်လည်း ဘာမှ မသိပါက အခြားဘာသာတွေနှင့် အလားတူပင်ဖြစ်နေပါမယ်။
ဘုရားရှင်က သစ္စာတရားကိုသိခဲ့ပြီး သတ္တဝါတွေကိုလည်း သစ္စာသိပြီး လုပ်သောအလုပ်၊ ကျင့်သောတရားများ ဖြစ်ရန်ဟောကြားခဲ့ပါတယ်။
အတိတ်တုန်းက မိမိတို့က ဘာမှမသိဘဲလုပ်ပြုလုပ်ခဲ့ကြလို့ သံသရာလည်နေရတာပါ။ မသိတာက (အဝိဇ္ဇာ)၊ မသိတော့ ဘုံ၊ ဘ၀တွေလိုချင်ပြီး ဆုတောင်းခဲ့တာက(တဏှာ)၊ ငါ့အလှူ၊ ငါလုပ်တာလို့ စွဲတာက(ဒိဋ္ဌိ)၊ ဒါတွေကြောင့် လက်ရှိခန္ဓာကြီးရနေရတာပါ။
အကြောင်းရင်းကိုကြည့်ရင် သစ္စာမသိ၊ ဉာဏ်မရှိဘဲလုပ်ခဲ့တာကြောင့်ပါ။ ဒီတရားတွေကလည်း ဘုရားရှင်ပွင့်မှ သိရတာပါ။
“ဘုရားရှင်တော် မပွင့်ပေါ်လျှင်၊
လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ မသိရ၊
များလှအပြစ်တွေ”…၊
အများအားဖြင့် သိနေတာက သူများအသက်သတ်မှ၊ သူတပါးပစ္စည်းခိုးမှ၊ သူတပါးသားမယားကို ပြစ်မှားမှ၊ လိမ်ညာနေမှ၊ မူးရစ်နေမှ အကုသိုလ်လို့သိကြပါတယ်။ ဒါတွေက အကြမ်းစား အကုသိုလ်တွေပါ။
ဘုရားရှေ့မှာ အ၀ိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိတွေနဲ့ ဘုံ၊ ဘ၀တွေ၊ လိုချင်တာတွေ တောင်းနေတာကို အကုသိုလ်ဆိုတာ မသိကြပါဘူး။ ဒါမျိုးကတော့ နူးညံတဲ့ အကုသိုလ်ဖြစ်ပါတယ်။
အကုသိုလ်က လုပ်နေတဲ့ အချိန်မှာလည်း အပြစ်ရှိပါတယ်။ အကျိုးပေးရင်လည်း မကောင်းကျိုးဘဲရပါတယ်။
မိမိတို့တွေက အတိတ်က အ၀ိဇ္ဇာ ဦးဆောင်ပြီး ပြုလုပ်ခဲ့တာက သမုဒယသစ္စာပါ။ သမုဒယကြောင့် ယခု ဒုက္ခသစ္စာ ရနေတာပါ။
ဒုက္ခသစ္စာ ဆိုတာတော့ ဆင်းရဲခြင်းတရားဖြစ်ပါတယ်။ လက်ရှိခန္ဓာကြီးက သက်သေပြနေပါတယ်။ အတိတ်တုန်းက မိမိတို့ရဲ့ရင်ထဲမှာ ဘုရားမပွင့်ခဲ့လို့၊ သစ္စာမသိခဲ့လို့၊ ယခုချိန်ထိ ဆင်းရဲကျိုး ခန္ဓာကြီးရနေတာပါ။
ထို့အတွက် မိမိတို့တွေသည် ဓမ္မအရသာကို သိအောင်လုပ်ပြီး ဘုရားရှင် ဟောကြားခဲ့ သောတရားတော်များ အတိုင်းလိုက်ကျင့်ရပါမယ်။ ယောင်းမသည်ဟင်း၏ အရသာကိုမသိရသလို အသိဉာဏ်မရှိသောသူသည်လည်း တရားအရသာကို သိရမှာမဟုတ်ပါဘူး။ ထို့ကြောင့် ကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါမှာ နိဗ္ဗာန် ကိုသာ ရည်စူး၍ပြုလုပ်ရပါမယ်။ အလှူဒါန ပစ္စည်းအနည်း-အများက အဓိက မဟုတ်ပါဘူး။ မိမိ လှူဖွယ်ပစ္စည်းရဲ့ စင်ကြယ်မှု၊ အလှူခံပုဂ္ဂိုလ်၊ မိမိရဲ့စိတ်ထားပေါ်မူတည်ပြီး အကျိုးပေးရလဒ်လည်း ကွားခြားရပါတယ်။ မိမိတို့ရဲ့ကောင်းမွန်တဲ့ သဒ္ဓါတရား၊ သီလစောင့်တည်နိုင်မှု၊ ဉာဏ်ပညာတို့ကို ကောင်းစွာအသုံးချ၍ သံသရာလွတ်ကြောင်း တရားများကိုသိရှိ၊ ကျင့်ကြံနိုင်မှသာ ပညာဓိကဗုဒ္ဓဘာသာ ဖြစ်ပါလိမ့်မည်။ မိမိသိရှိလိုက်ရတဲ့ သံဝေဂတရား၊ အသိတရားကို လိုက်နာကျင့်ကြံဖို့က အရေးကြီးပါတယ်။ အသိကို လိုက်မကျင့်တော့၊ သိသလို မသိသလိုနဲ့ နောက်ဆုံးတော့ မသိတာဘဲဖြစ်သွားတက်ပါတယ်။ ဉာဏ်ပညာနှင့် ယှဉ်ဘက် ကိုးကွယ်သော၊ ဆုတောင်းသောသူများ ဖြစ်ကြရအောင် ကျင့်ကြံနိုင်မှသာလျှင် မိမိသည် သံသ ရာဘေးမှ လွတ်မြောင်နိုင်ပါလိမ့်မည်။
“ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊
ဟောဖော်ပြောကြား၊ မြတ်တရားကြောင့်၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ သိကြရ၊
များလှကျေးဇူးတွေ”…။
ကပ္ပိယလေးမှ ယူနီကုဒ် ဖြင့်ပြန်လည်ဖော်ပြပေးလိုက်ပါသည်။
Original >>> http://questions.dhammaransi.com/index.php?option=com_content&view=article&id=509:2011-06-30-02-19-22&catid=25:the-project&Itemid=53
No comments:
Post a Comment